မူးယစ်ဆေးဝါးမှောင်ခိုမှုများလာတာကြောင့် နယ်စပ်ခြံစည်းရိုးခတ်မယ်လို့ မဏိပူရအစိုးရပြော

By Spring
26 September 2023
မူးယစ်ဆေးဝါးမှောင်ခိုမှုများလာတာကြောင့် နယ်စပ်ခြံစည်းရိုးခတ်မယ်လို့ မဏိပူရအစိုးရပြော

တရားမဝင် ကူးသန်းသွားလာမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုများလာတာကြောင့် နယ်စပ်ခြံစည်းရိုးခတ်မယ်လို့ မဏိပူရအစိုးရပြော

မြန်မာဘက်က တရားမဝင် ကူးသန်းသွားလာမှု၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ များလာတာကြောင့် အိန္ဒိယ -မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ အရေးပေါ် စီစဉ်နေတယ်လို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်  ဘီရန်ဆင်းက ပြောပါတယ်။ 

မြန်မာ - အိန္ဒိယ နယ်စပ်မှာ ကီလိုမီတာ ၇၀ (၄၃ မိုင်ကျော်)ကို ခြံစည်းရိုးခတ်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ မဏိပူရပြည်နယ် ဝန်ကြီးချုပ်တို့ စီစဉ်နေကြ တာဖြစ်ပါတယ်။

ဒေသတွင်းလုံခြုံရေး၊ အချုပ်အခြာအာဏာ တည်မြဲရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ဆိုရင် နယ်စပ်သွားလာခွင့်တွေကို ပိတ်ပင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယရဲ့မဏိပူရပြည်နယ်ဟာ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်နဲ့နယ်နိမိတ်ထိစပ်နေတာဖြစ်ပါတယ်။ဒါအပြင် အကွာ‌အဝေးအနေနဲ့ မိုင် ၂၅၀ နီးပါး (၃၉၈ ကီလိုမီတာ)အထိ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတာပါ။

နယ်စပ်လမ်းအဖွဲ့အစည်း(BRO)နဲ့ တိုင်ပင်ဆွေးနွေးပြီး နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးတည်‌ဆောက်ရေး စတင်နိုင်ဖို့ စီစဉ်နေပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားဖော်ပြပါတယ်။အခုလို ခြံစည်းရိုး ခတ်မယ့်အကြောင်း ထုတ်မပြောခင် မြန်မာ - အိန္ဒိယ နယ်စပ် လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက်ကို အပြီးပယ်ဖျက်ပေးဖို့ မဏိပူရပြည်နယ်အစိုးရ က ပြည်ထဲရေး ဝန်ကြီးဌာနကို တောင်းဆိုထားပါသေးတယ်။

အိန္ဒိယရဲ့ မဏိပူရပြည်နယ်မှာ အခုနှစ်လယ်ပိုင်း လူမျိုးရေးပဋိပက္ခဖြစ်ခဲ့ပြီးတဲ့နောက် ဒီပြဿနာဖြေရှင်းဖို့အပါအဝင် နယ်စပ်လုံခြုံရေးအတွက် အိန္ဒိယဗဟိုအစိုးရက စိုင်းပြင်းလာနေတာဖြစ်ပြီး စစ်ကောင်စီနဲ့လည်း ‌နယ်စပ်ကိစ္စနဲ့ဆက်စပ်လို့ တွေ့ဆုံဆွေးနွေးမှုတွေ အခုနှစ်ထဲ ဆက်တိုက်လုပ်ခဲ့ပါတယ်။

မြန်မာ - အိန္ဒိယအရေးစောင့်ကြည့်တဲ့ India For Myanmar ရဲ့ စာရင်းအရ မဏိပူရပြည်နယ်ထဲမှာ မြန်မာစစ်ရှောင် ၅၀၀၀ နီးပါး ခိုလှုံနေပါတယ်။

ဒီလိုနယ်စပ်ပိတ်တာဟာ မြန်မာဒုက္ခသည်တွေ ထပ်မဝင်လာနိုင်အောင် တားဆီးဖို့သာ ဖြစ်ပြီး၊ လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ India For Myanmar အဖွဲ့က ပြောပါတယ်။

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ဖို့ ရည်ရွယ်ပြီး မြန်မာ - အိန္ဒိယ နယ်စပ်ကို လွတ်လပ်စွာ သွားလာခွင့် ပြုခဲ့ပါတယ်။

အခုတော့ ဒီလိုခွင့်ပြုထားတာဟာ နယ်စပ်ဖြတ်ကျော် လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ပိုတိုးလာစေတယ်၊ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့် မဏိပူပြည်နယ်မှာရှိနေတဲ့ လူမျိုးရေး ပဋိပက္ခကို ပိုဆိုးစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မဏိပူပြည်နယ်အစိုးရက နယ်စပ်ခြံစည်းရိုးကာဖို့ ကြိုးစားလာတာပါ။

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ပြီး မဏိပူရ် ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က ဒုက္ခသည်တွေဟာ အာဏာပိုင်တွေက ဖိအားပေး မောင်းထုတ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံဘက် ပြန်ဝင်လာပြီး နယ်စပ်မျဉ်းတစ်လျှောက်မှာ ဖြစ်သလို ခိုလှုံနေရပါတယ်။

မိုင်ပေါင်းများစွာ ထိစပ်နေတာကြောင့် နေရာအားလုံးမှာ ခြံစည်းရိုးခတ်ဖို့ မလွယ်ကူဘဲ ဝင်ထွက်သွားလာမှု အများဆုံး အဓိက နေရာတွေကို ရွေးချယ်ပြီး မိုင် ၄၀ ကျော်အရှည် အရေးပေါ် ခြံစည်းရိုးခတ်ဖို့ မဏိပူရ် ပြည်နယ်အစိုးရက ကြိုးစားနေကြောင်း အိန္ဒိယအခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly