မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆို

By Spring
26 September 2023
မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆို

မြန်မာပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့ပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်းက နိုင်ငံရေး၊ လူသားချင်းစာနာမှုအရေး၊ စီးပွားရေးအကျပ်အတည်းတွေကို အလွန်အမင်းစိုးရိမ်သလို တရားမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရေး၊ စာနာမှုအကူအညီတွေ အဟန့်အတားမရှိရောက်နိုင်ရေးနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုကနေ အကျပ်အတည်းကို ဖြေရှင်းဖို့ လည်း ဝန်ကြီးတွေက တောင်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုတက်ဖို့ ရောက်နေကြတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၂၂ ရက်က နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

Quad အဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသ သာယာဝပြောရေး ထောက်ပံ့ဖို့ ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ သံတမန်ကွန်ရက်ဖြစ်ပြီး အဲဒီအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံဆွေးနွေးအပြီး အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေး ထည့်သွင်းဆွေးနွေးတောင်းဆိုခဲ့ကြတာပါ။

ဆွေးနွေးအပြီး ထုတ်ပြန်တဲ့ အချက် ၁၄ ချက်ပါ ပူးတွဲ ကြေညာချက်မှာ - ယူကရိန်း-ရုရှား ပဋိပက္ခ၊ မြောက်ကိုရီးအရေးတို့အပြင် မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း ထည့်သွင်း ဖော်ပြထားတာပါ။

မြန်မာမှာဖြစ်နေတဲ့လက်ရှိ အခြေအနေကြောင့် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်သက်ရောက်မှုရှိနေတာကိုလည်း ဝန်ကြီးတွေက စိုးရိမ်ကြောင်း ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်တွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေး အထောက်အပံ့ဖြစ်စေမယ့် လက်တွေ့ကျတဲ့နည်းလမ်းကို အတူတကွရှာဖွေနိုင်ဖို့ကိုလည်း အားပေးသွားမယ်လို့ ဝန်ကြီးတွေက ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။

အလားတူ တောင်းဆိုချက်တွေကို အခုနှစ်အစောပိုင်း မတ်လအတွင်းမှာ ကျင်းပခဲ့တဲ့ Quad ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုအပြီးမှာလည်း ထုတ်ပြန်ခဲ့သလို အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အဖြေတစ်ခုကို ဦးဆောင်ရှာဖွေနေတဲ့ အာဆီယံအဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ဆက်လက်အား ပေးထောက်ခံကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ကိုလည်း ပြီးခဲ့တဲ့နှစ် မေလ ၂၄ ရက်ကနေ့က Quad ရဲ့ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly