ဒရုန်းသုံးတိုက်ခိုက်မှုတွေကိုထိန်းချုပ်ဖို့ တရုတ်ကို စစ်ကောင်စီအကူအညီတောင်းဆို

By Spring
26 September 2023
ဒရုန်းသုံးတိုက်ခိုက်မှုတွေကိုထိန်းချုပ်ဖို့ တရုတ်ကို စစ်ကောင်စီအကူအညီတောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ ဒရုန်းနဲ့တိုက် ခိုက်မှုတွေကို အကြီးအကျယ်ခံနေရတဲ့ စစ်ကောင်စီက ဒရုန်းတွေကို ပိုမို ထိန်း ချုပ်ရေး ဆောင်ရွက်ဖို့ တရုတ်မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ညီ လာခံမှာ သွားရောက် တောင်းဆိုခဲ့တယ်လို့ သိရပါ တယ်။ 

ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေတိုးလာနေပြီး ဒါဟာအနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ညီလာခံမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကို အကြမ်းဖက်အဖွဲ့တွေလို့ သုံးနှုန်းပြီး ဒရုန်းလိုလက်နက်တွေ ဒီလိုအကြမ်းဖက်ဆောင်ရွက်သူတွေဆီ မရောက်အောင် ဒေသတွင်းဖြစ်စေ၊ နှစ်နိုင်ငံဖြစ်စေ ပူးပေါင်းကာကွယ်ရမယ်လို့ ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေဘက်မှာ ဒရုန်းနည်းပညာအသုံးပြုမှု အားသာလာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ စစ်ကောင်စီဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

မြန်မာ နိုင်ငံနေရာ အနှံ့အပြား စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ PDF  အပါအဝင်  ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ Drone အသုံးပြုတိုက်ခိုက်မှုတွေရှိနေပြီး Drone နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာနေတယ်လို့ လတ်တလောပြည်တွင်း သတင်းတွေ အရသိရှိရပါတယ်။ 
စစ်ကောင်စီရဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့အခြေအနေတောင် ရောက်နေပြီလို့ ဒရုန်းတပ်ဖွဲ့ဝင်တွေကလည်း ပြောပါတယ်။

အခုစက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲက တမူးမြို့နယ်မှာ ဖြစ်ခဲ့တဲ့ PDF နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်တာတွေရှိတဲ့ အကြောင်း ဒေသခံတွေက ပြောကြပါတယ်။

စက်တင်ဘာ ၁၉ ရက်ကနေ ၂၀ ရက်အထိ နှစ်ရက်တာကျင်းပတဲ့ ဒီညီလာခံကို တရုတ်နိုင်ငံက ဦးစီးကျင်းပတာဖြစ်ပြီး စစ်ကောင်စီနဲ့ နယ်စပ်လုံခြုံရေးကိစ္စမကြာခဏ တွေ့ဆုံဆွေးနွေးနေတဲ့ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

ဗြိတိန်၊ ရုရှားလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော် တက်ရောက်တဲ့ ညီလာခံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) အကြီးအကဲတွေလည်း ပါဝင်ပါတယ်။

ညီလာခံကို စစ်ကောင်စီဝန်ကြီးတချို့ တက်ရောက်ခဲ့ပြီး၊ တရုတ်အစိုးရလုပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြောင်း၊ ပြည်တွင်းရေးကိစ္စရပ်တွေမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း ထောက်ခံကြောင်း ပြောဆိုခဲ့ကြပါတယ်။

ရွေးကောက်ခံ အစိုးရဆီကနေ မတရား အာဏာလုယူထားတဲ့ စစ်ကောင်စီကို အာဆီယံ အပါအဝင် ကမ္ဘာ့ နိုင်ငံတွေ ရဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး တွေမှာ မဖိတ်ကြား ကြသော်လည်း တရုတ်နိုင်ငံ နဲ့ ရုရှား နိုင်ငံမှာကျင်းပတဲ့ ညီလာခံတွေ ကို တော့ စစ်ကောင်စီကို တရားဝင်တက်ရောက်ခွင့်ပြုလာတာကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ 

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly