အငြင်းပွားမှု ဖြစ်နေသော တောင်တရုတ်ပင်လယ်တွင် အတားအဆီးများ တပ်ဆင် သော တရုတ်ကို ဖိလစ်ပိုင်က ရှုတ်ချ  

အငြင်းပွားမှု ဖြစ်နေသော တောင်တရုတ်ပင်လယ်တွင် အတားအဆီးများ တပ်ဆင် သော တရုတ်ကို ဖိလစ်ပိုင်က ရှုတ်ချ  

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ပြင်တွင် အတားအဆီး များ တပ်ဆင်နေသော တရုတ်ကမ်းခြေစောင့်တပ်ကို ဖိလစ်ပိုင်က ပြစ်တင်ရှုတ်ချပြီး အဆိုပါ အဟန့်အတားများသည် ဖိလစ်ပိုင်ငါးဖမ်းလှေများ  ဝင်ရောက် ငါးဖမ်းခွင့်ကို အဟန့်အတား ဖြစ်စေကြောင်း စက်တင်ဘာ ၂၄ က ထုတ်ပြန်လိုက်သည်။ 

အဆိုပါရေပေါ်အတားအဆီးကို စက်တင်ဘာ ၂၂ တွင် ဖိလစ်ပိုင်သင်္ဘောများက ပုံမှန်ရေကြောင်းကင်းလှည့် နေစဉ် မီတာ ၃၀၀ (၉၈၄ ပေ) ဝန်းကျင်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ  ဂျေး တာရီရာလာ က တွစ်တာ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။ 

“ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောများ ကမ်းရိုးတန်းအတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးရန် တရုတ်ကမ်းခြေစောင့်တပ် က တောင်တရုတ်ပင်လယ် ၏ ဘဂျို ဒီ မာစင်လော့ခ် အရှေ့တောင်ဘက်ခြမ်းတွင် ရေပေါ်အတားအဆီးတစ်ခု တပ်ဆင်ခြင်းသည် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို တားမြစ်ပိတ်ပင်ခြင်းဖြစ်၍ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် နှင့် ငါးလုပ်ငန်းနှင့် ရေအရင်းအမြစ်ဗျူရိုတို့က ပြင်းထန်စွာ ရှုတ်ချ” ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

အဆိုပါ ရေပိုင်နက်အတွင်းသို့ ဖိလစ်ပိုင် အစိုးရသင်္ဘော ၁ စင်း ရောက်ရှိလာပြီးနောက် တရုတ်ကမ်းခြေစောင့် သင်္ဘော ၃ စင်းနှင့် တရုတ်ရေကြောင်း ပြည်သူ့စစ် ဝန်ဆောင်မှု သင်္ဘော ၁ စင်း က ရေပေါ်အတားအဆီးကို တပ်ဆင်ခဲ့ကြောင်း တာရီရာလာ က ဓာတ်ပုံများ ဖြင့် အခိုင်အမာ ပြောကြားသည်။ 

ယခုသီတင်းပတ် အစောပိုင်းတွင် ကျိုးပဲ့ပြီး အရောင်ဖျော့နေသော သန္တာကျောက်တန်းကြီးများ၏ ဗီဒီယိုဖိုင်ကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ က မျှဝေခဲ့ရာ အဆိုပါဒေသတွင် တရုတ်က ကြီးမားသော ဖျက်ဆီးမှု ပြုလုပ်နေကြောင်း တာဝန်ရှိသူများက စွပ်စွဲခဲ့သည်။ 

“ရိုဇယ် သန္တာကျောက်တန်း နှင့် အက်စ်ခိုဒါ ကျောက်တန်းများကြား တွင် တရုတ်ရေကြောင်း ပြည်သူ့စစ်များ၏ တရားမဝင် ငါးဖမ်းလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေခြင်းကြောင့် အနောက်ဖိလစ်ပိုင်ပင်လယ် တွင် အဏ္ဏဝါပတ်ဝန်းကျင် အင်္ဂါရပ်များ ကို တိုက်ရိုက် ယိုယွင်းပျက်စီးစေဖွယ်ရှိသည်” ဟု တာရီရာလာ က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင် တရားစီရင်ပိုင်ခွင့်အတွင်းရှိ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းများ အဖြစ် မနီလာ ကို ရည်ညွှန်းပြောကြားသည်။ 

“ကြေမွနေသော သန္တာကျောက်တန်းများ ရှိနေခြင်းသည် ယခင်က ပြုပြင်ပြီး သန့်စင်ထားသည့် သန္တာကျောက်များကို စွန့်ပစ်ထားရာမှ ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်ကျရောက်နေခြင်း ဖြစ်နိုင်ချေကို အခိုင်အမာ သက်သေပြနေ” ကြောင်း  တာရီရာလာ က ဆက်ပြောသည်။ 

စက်တင်ဘာ ၂၁ က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သန္တာကျောက်တန်းများ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ မေးမြန်းရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါစွပ်စွဲချက်များကို မှားယွင်းပြီး အခြေအမြစ်မရှိ ကြောင်း ငြင်းဆိုသည်။ 

“နိုင်ငံရေးအရ လှည့်စားဖို့ လုပ်ကြံသတင်းတွေကို အသုံးမချဖို့ ဖိလစ်ပိုင်အာဏာပိုင်တွေကို အကြံပြုပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မြောင်နင်း က သတင်းထောက်များအား ပြောကြားသည်။ 

တရုတ်သင်္ဘောများသည် “အဆိုပါ ဒေသရှိ ဖိလစ်ပိုင် ငါးဖမ်းလုပ်သားအများအပြားကို စောင့်ကြည့်သည့်အခါတိုင်းတွင် ရေပေါ်အတားအဆီးများ တပ်ဆင်လေ့ရှိသည်” ဟု ဖိလစ်ပိုင်ငါးဖမ်းသမားများ က ပြောကြားကြောင်း ဖော်ပြထားသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ တုံ့ပြန်မှု ရရှိရန် CNN က ကြိုးစားသော်လည်း မှတ်ချက် တစ်စုံတစ်ရာ မရသေးပေ။ 

စကာဘိုရောဂ် ကျောက်တန်း ဟု လူသိများသော ဘဂျို ဒီ မာစင်လော့ခ် သည် ဖိလစ်ပိုင်နိုင်ငံ လူဇုန် ကျွန်း အနောက်ဘက် မိုင် ၁၃၀ (ကီလိုမီတာ ၂၀၀) အကွာတွင် တည်ရှိ၍ သေးငယ်သော်လည်း မဟာဗျူဟာမြောက် အရေးပါသော သန္တာကျောက်တန်းနှင့် အရင်းအမြစ်ကောင်းသော ငါးဖမ်းနယ်မြေဖြစ်သည်။ 

တရုတ်နိုင်ငံက ဟွမ်ဂျန်ဒို ဟုခေါ်သော ကျောက်တန်း သည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများနှင့် သန္တာကျောက်တန်းများထဲမှ တစ်ခုဖြစ်ပြီး နယ်မြေအငြင်းပွားမှုများ အမျိုးမျိုးဖြစ်ပေါ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly