ထိပ်သီးကုမ္ပဏီများ ဒေါ်လာဘီလီယံချီ လာရောက်ရင်းနှီးမြှုပ်နှံမည်ဟု ထိုင်းဝန်ကြီးချုပ် မျှော်လင့်

ထိပ်သီးကုမ္ပဏီများ ဒေါ်လာဘီလီယံချီ လာရောက်ရင်းနှီးမြှုပ်နှံမည်ဟု ထိုင်းဝန်ကြီးချုပ် မျှော်လင့်

ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ နာမည်ကျော်ကုမ္ပဏီကြီးများဖြစ်ကြသည့် Tesla ၊ Google နှင့် Microsoft တို့ထံမှ အနည်းဆုံး ဒေါ်လာ ၅ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

“Tesla က လျှပ်စစ်ကား ထုတ်လုပ်မှု စက်ရုံတခု အတွက် လေ့လာစုံစမ်းပါလိမ့်မယ်။ နောက်ပြီး Microsoft နဲ့ Google တို့က ဒေတာစင်တာတွေအတွက် စုံစမ်းလေ့လာနေပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ ဒေါ်လာ ၅ ဘီလီယံက ကုမ္ပဏီတခုချင်းစီက သီးခြားပြုလုပ်ဖွယ် ရှိသည့် ရင်းနှီးမြှုပ်နှံမှုလား သို့မဟုတ် စုပေါင်း ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုလား ဆိုသည့် အသေးစိတ်ကို ၎င်းက ပြောဆိုသွားခြင်း မရှိပေ။

မှတ်ချက်ပေးရန် ပန်ကြားမှုကို Tesla ၊ Google နှင့် Microsoft တို့က လက်တလော ဖြေကြားခြင်း မရှိပေ။
ထိုင်းဝန်ကြီးချုပ် ဆရတ်သာသည် ပြီးခဲ့သည့် ရက်ပိုင်းက နယူးယော့ခ်တွင် ကုလသမဂ္ဂ အ‌ထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ပြီး ယင်းသီတင်းပတ်ကာလအတွင်း ကုမ္ပဏီအမှုဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘန်ကောက်တွင် သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပို့ကုန်ကဏ္ဍ အားနည်းမှုကြောင့် ယခုနှစ်တွင် ယခင်မျှော်မှန်းသည်ထက် ပိုနည်းပြီး ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ဖွယ်ရှိသည့် ထိုင်း စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များက မြှင့်တင်ပေးလိမ့်မည် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာသည် လျှပ်စစ်ကားကဏ္ဍနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်သီတင်းပတ်က Tesla စီအီးအို အီလွန်မတ်နှင့် စကားပြောဆိုခဲ့သည်။

အာရှ၏ စတုတ္ထမြောက် အကြီးဆုံး ကားတပ်ဆင်ထုတ်လုပ်မှု ဗဟိုချက်မဖြစ်သည့် ထိုင်းနိုင်ငံသည် ဒေသတွင်း၌ မော်တော်ကားဆိုင်ရာ အချက်အချာတခုအဖြစ် ဆက်ရှိနေစေရန် လျှပ်စစ်ကားနှင့် ဘထ္ထရီထုတ်လုပ်သူများကို မက်လုံးများ ကမ်းလှမ်းပေးထားလျက် ရှိသလို ပြည်တွင်းရှိ လျှပ်စစ်ကားဝယ်သူများအတွက်လည်း အခွန်လျှော့ချမှုများ ကမ်းလှမ်းပေးထားသည်။

Thailand expects Tesla, Google, Microsoft to invest $5 billion, prime minister says
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly