မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အလေးထား လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

By မဇ္ဈိမ 
25 September 2023
မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အလေးထား လုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး အကောင်ဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာထဝီဆင်က ပြောကြားလာပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာကျင်းပတဲ့ အထွေထွေညီလာခံကို တက်ရောက်ဖို့ရောက်နေတဲ့ မစ္စတာ ဆရက်သာ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးရဲ့ အရေးကြီးပုံကို နားလည်တဲ့အတွက် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ထိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင် (Srettha Thavisin) က ပြောလိုက်တာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ကူညီရေးမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နေရာအနှံ့မှာ ပဋိပက္ခတွေ မြင့်တက်နေတာကြောင့် ငြိမ်းချမ်းရေး ဟာလည်း ထိရှလွယ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်ကလည်း သူ့စိုးရိမ်ချက်ကို ပြောပြထားတာကြောင့် ဒုက္ခသည်တွေအရေး အလေးထားဆောင်ရွက်ရေး အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ သတင်းစကားကို ထိုင်းနိုင်ငံဘက်က အလေးထားမယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်တွင်းက ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်မြို့နဲ့ ကီလိုမီတာ ၂၀ နီးပါးအကွာကို စစ်ရှောင်လာတဲ့ ဒုက္ခသည်တစ်သောင်းနီးပါးအထိ ရှိနေပြီး ထိုင်းကြက်ခြေနီအပါအဝင် ဒေသန္တရအစိုးရအဆင့်အဖွဲ့အစည်းတွေက ဒီဒုက္ခသည်တွေအရေး အကူအညီတွေ ပေးထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသား နှစ်သောင်းကျော် ထွက်ပြေးခိုလှုံနေတယ်လို့ Amnesty International အဖွဲ့ရဲ့ ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်လာခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသားအရေအတွက် များပြားလာနေတာဖြစ်ပါတယ်။

ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သော Chulapong Yukate က မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သက်ရောက် မှုကို တွေ့ကြုံနေရတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအပြင် ဆေးဝါး၊ အစားအစားများကို ကူညီထောက်ပံ့ပေးနိုင်ဖို့ နိုင်ငံ တကာအဖွဲ့စည်းနဲ့ ပူးပေါင်းရန် ထိုင်းအစိုးရကို တိုက်တွန်းထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly