The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး

By မဇ္ဈိမ 
25 September 2023
The Elders ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး

ကမ္ဘာ့ ခေါင်းဆောင်ဟောင်း‌တွေနဲ့ စုဖွဲ့ထားတဲ့ The Elders ရဲ့ ဥက္ကဋ္ဌ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သမ္မတဟောင်းအချို့နဲ့ အမျိုးသားညီညွတ်အစိုးရ NUG ရဲ့ ဝန်ကြီးတွေ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန် နယူးယောက်မြို့သို့ ရောက်ရှိနေတဲ့ နိုင်ငံဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ The Elders (ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)ဥက္ကဌ ၊ အိုင်ယာလန်သမ္မတဟောင်းလည်းဖြစ်သူ H.E Ms Mary Robison နဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့  မွန်ဂိုးလီးယား သမ္မတဟောင်းနဲ့  ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Mr Elbegdor Tsakhia၊ ကိုလံဘီယာ သမ္မတဟောင်းဖြစ်သူ Mr Juan Manuel Santos တို့နဲ့ စက်တင်ဘာ ၂၂ တွေ့ဆုံခဲ့ကြောင်း NUG က ပြောကြားထားတာဖြစ်ပါတယ်။

NUG ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန တို့က ဒုတိယဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ကြတာလို့ ပြောပါတယ်။

အလားတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး H.E Gabrielius Landsbergis နဲ့လည်း နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာပြည်အတွင်း စစ်တပ် အုပ်စိုးတဲ့ နိုင်ငံရေးစနစ်ကို ရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေးဟာ ဒေသတွင်းတည်ငြိမ်မှုနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးအတွက်အရေးကြီးကြောင်း ဆွေးနွေးပြောကြားကြတယ်လို့သိရပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီအစည်းအဝေး ကျင်းပဖို့ရှိနေပြီး ဒီနေရာမှာ မြန်မာကိုယ်စားပြု ရရှိဖို့ စစ်ကောင်စီရော NUG ဘက်ကပါ ကြိုးစားနေကြချိန် အခုလို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ NUG က တွေ့ဆုံလာတာဖြစ်ပါတယ်။

နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ ထိထိရောက်ရောက် ဆက်လက် ဖိအားပေး လုပ်ဆောင်ဖို့ အထွေထွေညီလာခံကျင်းပနေချိန်မှာ NUG ကကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့လည်း စက်တင်ဘာလ ၂၀ ရက်၊ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

သံတမန်ရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်ရေးကိစ္စတွေကို ဆွေနွေးခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ 

အခုနှစ် ဧပြီလတုန်းက The Elders ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုတိယဥက္ကဋ္ဌ လည်း ဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ ကြိုတင်ကြေညာထားတာမျိုးမရှိဘဲ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly