အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားခဲ့

By မဇ္ဈိမ 
25 September 2023
အာဆီယံနိုင်ငံအချို့ ကုလစင်မြင့်ထက်မှာ မြန်မာ့အရေး ထည့်သွင်းပြောကြားသွားခဲ့

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကိစ္စကို ကုလသမဂ္ဂစင်မြင့်ထက်မှာ ထုတ်ဖော်ပြောဆိုတာ ၃ နိုင်ငံသာ ရှိခဲ့ပါတယ်။

မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံက ခေါင်းဆောင်တွေက မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို သူတို့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့တာပါ။

အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံထဲက ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒေသတွင်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သတ်လို့ တစ်လုံးမှ ထုတ်ပြောခဲ့တာမရှိပါဘူး။

ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စ၊ ဒေသတွင်းမှာ အရေးတကြီးဖြေရှင်းဖို့ လိုနေတဲ့ကိစ္စ၊ ကမ္ဘာ့စီးပွားရေး၊ ကပ်ရောဂါဘေး၊ ရာသီဥတုအပြောင်းအလဲနဲ့ စစ်ပွဲကြောင့် ဒုက္ခသုက္ခခံစားနေရသူတွေရဲ့ အရေးကိစ္စစတာတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ အဖွင့်မှာ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က လတ်တလော ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ကိစ္စရပ်တွေထဲ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုတွေဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေကို အရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အင်ဒိုနီးရှားနိုင်ငံက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တိုက်တွန်းထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပြီးဆုံးပေမဲ့ အလှည့်ကျတာဝန်ယူမယ့် လာအို၊ နောက်အလှည့်ကျ မလေးရှားနိုင်ငံတို့နဲ့ပူးပေါင်းပြီး မြန်မာ့အရေး ၃ နိုင်ငံ ပူးတွဲဖြေရှင်းရေးယန္တရားကို ဆက်ပြီး အကောင်အထည်ဖော်မယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောထားပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စင်မြင့်ထက်မှာ အခုလိုပြောခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်ကတော့ မြန်မာ့ အကျပ်အတည်းဟာ ဒေသတွင်းမှာ အခုနှစ်ပိုင်းတွေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတယ်လို့ ထောက်ပြပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီကို မပြတ်ဖိအားပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလမသဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာလူမျိုးတွေအတွက် ထိုက်တန်တဲ့ မြန်မာလူမျိုးတွေလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးတွေ၊ တိုးတက်ရေးတွေဟာ ရိုက်ချိုးဖျက်ဆီးခံနေရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ 

အာဆီယံအဖွဲ့ထဲ ဝင်ဖို့လုပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ ကတော့ မြန်မာ့အရေးကို ပြင်းပြင်းထန်ထန်ပြောကြားသွားခဲ့ပါတယ်။

မြန်မာစစ်တပ်ကမြေလှန်မီးရှို့တဲ့ စနစ်ကိုကျင့်သုံးနေပြီး စစ်ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေနဲ့ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ အကူအညီကို မျှော်နေပြီး အဲဒီလိုဖြစ်မလာတဲ့အတွက် နိုင်ငံတကာဟာ သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရပါတယ် လို့ပြောကြားသွားခဲ့ပါတယ်။

ဒီနှစ်ကုလသမဂ္ဂမှာမိန့်ခွန်းပြောတဲ့ အာဆီယံခေါင်းဆောင်တွေထဲမှာ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်သစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ဟွန်မာနက်တို့ကတော့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရတာ ဖြစ်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံဝန်ကြီးချုပ်သစ်ဟာ ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိစ္စထည့်မပြောခဲ့ပေမဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ အကောင်းဆုံးလုပ်နေတယ်လို့ ညီလာခံပြင်ပမှာပြောကြားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly