ဝေါမြို့နယ်တွင် ငါးထောင်ပြန်လာသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်

By ရွှေနွယ်(မဇ္ဈိမ)
24 September 2023
ဝေါမြို့နယ်တွင် ငါးထောင်ပြန်လာသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာတွင်  ယမန်နေ့ စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခန့်က ငါး ထောင်ပြီးပြန်လာသည့် ဒေသခံတဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ် သွားကြောင်း သိရသည်။

“ညာခြေချင်းဝတ်က ပြတ်သွားတာ။ နောက်ပြီး ဘယ်ဘက်ပေါင်အောက်ဘက်နဲ့ ခြေသလုံးကြွက်သား၊ ညာဘက်လက်မှာ မိုင်းစထိမှန်ဒဏ်ရာတွေရသွားတယ်။ အခုတော့ ပဲခူးဆေးရုံမှာ ဆေးကုနေပါတယ်” ဟု ဝေါမြို့ခံတဦးက ပြောသည်။

အသက် ၄၈ နှစ်အရွယ် ဦးလှထွန်းသည် ငါးပိုက်တားပြီးပြန်လာစဉ် လက်ပန်ရွာအနီး၌  မိုင်းနင်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဝေါမြို့နယ်အတွင်းဝင်စစ်‌ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဒေသခံများ အသုံး ပြုသည့်လမ်းအချို့တွင် မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“PDF တွေဝင်လာနိုင်မယ်ထင်တဲ့ လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတာပါ။ လမ်းကြိုလမ်းကြားတွေ ပါ။ မိန်းလမ်း(အဓိကလမ်းမကြီးများ) တွေတော့ သူတို့မထောင်ဘူး” ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါမိုင်းနင်းမိသည့်ဖြစ်ရပ်မဖြစ်ပွားမီ နှစ်ရက်ခန့်ကလည်း လက်ပန်ရွာတွင် မိုင်းနင်းမိ၍ နွားတကောင် သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်နေ့က လက်ပန်ကျေးရွာကောင်စီရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်ပန်ရွာအနီးတဝိုက်တွင် နင်းမိုင်း များထောင်ထားပြီး ရွာသူရွာသားများကိုလည်း အသွားအလာ ကန့်သတ်ထားသည်ဟု ဆိုသည်။

“အဓိကတော့ စစ်တောင်းမြစ်ဝှမ်းဘေးကရွာတွေပေါ့ အဲ့ဒီရွာတွေမှာ သူတို့မိုင်းထောင်တယ်။ စစ်တောင်း မြစ်ကမ်းနားက တံငါတဲတွေ၊ လူနေတဲတွေမှာလည်း မနေခိုင်းဘူး" ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ထို့ပြင် စက်တင်ဘာ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် လက်ပန်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာ အချို့မှ ဒေသခံများ ကြောက်လန့်၍ ဝေါမြို့ပေါ်နှင့် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြ သည်ကိုလည်း သုံးရက်အတွင်း နေရပ်ပြန်လာရန်နှင့် ပြန်မလာပါက ပိုင်ဆိုင်မှုများအား ပိတ်သိမ်းမည်ဟု စစ်ကောင်စီတပ်ဖွဲ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

လက်ပန်ကျေးရွာသည် စစ်တောင်းမြစ်ဝှမ်းဘေးတွင်တည်ရှိနေသည့် ကျေးရွာဖြစ်သည်။ ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းနှင့်ထိစပ်လျက်ရှိသည့် ဝေါ၊ ရေတာရှည်၊ ဖြူး၊ မုန်းနှင့် ကျောက် ကြီးမြို့နယ်တို့တွင် ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ကြား စစ်ရေးတင်းမာလျက်ရှိကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly