တောင်တရုတ်ပင်လယ်၌ တရုတ်က ‘ရေပေါ် အတားအဆီး’ ထားရှိမှုအပေါ် ဖိလစ်ပိုင် ပြစ်တင်ဝေဖန်

By ရိုက်တာ
24 September 2023
တောင်တရုတ်ပင်လယ်၌ တရုတ်က ‘ရေပေါ် အတားအဆီး’ ထားရှိမှုအပေါ် ဖိလစ်ပိုင် ပြစ်တင်ဝေဖန်
Photo-AFP

တောင်တရုတ်ပင်လယ်၏ အငြင်းပွားဧရိယာတခုတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က “ရေပေါ် အတားအဆီး” တခု တပ်ဆင်ထားရှိကြောင်း ဖိလစ်ပိုင်က စက်တင်ဘာ ၂၄ ရက်တွင် စွပ်စွဲသည်။ တရုတ်၏ ထို အတားအဆီးကြောင့် ဖိလစ်ပိုင်တို့ ဧရိယာထဲ ဝင်ရောက်ငါးဖမ်းခြင်းအပေါ် အဟန့်အတားဖြစ်စေလျက် ရှိသည်ဟုလည်း ပြောသည်။

Scarborough သောင်စွယ်၏ တနေရာတွင် တရုတ်တို့ အတားအဆီးတခု တပ်ဆင်ထားရှိခြင်းအပေါ် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ငါးလုပ်ငန်းနှင့် ရေနေရင်းမြစ်များ ဆိုင်ရာ ဗျူရိုက “ပြင်းထန်စွာ ပြစ်တင်ဝေဖန်” ကြောင်း ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဂျေး တာရီးလာက ဆိုရှယ်မီဒီယာမှတဆင့် ပြောသည်။

ငါးဖမ်းသမားများကို အဟန့်အတားဖြစ်စေသည့် အဆိုပါ အတားအဆီးကြောင့် ဖိလစ်ပိုင်ငါးဖမ်းသမားများ၏ ငါးဖမ်းခြင်းနှင့် အသက်မွေးမှု လုပ်ငန်းများ ပိတ်ပင်ခံရလျက် ရှိကြောင်း ၎င်းက ပြောသည်။

“ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ ဒီလိုမျိုး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့၊ မိမိတို့ရဲ့ ပင်လယ်ရေကြောင်း အခွင့်အရေးကို ထိန်းသိမ်းဖို့နဲ့ မိမိတို့ရဲ့ ပင်လယ်ရေကြောင်းပိုင်နက်တွေကို ကာကွယ်ဖို့ သက်ဆိုင်ရာ အစိုးရအေဂျင်စီ အားလုံးနဲ့ နီးနီးကပ်ကပ် ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု တာရီးလာက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်တောင်းခံသည့် ရိုက်တာ၏ ပန်ကြားချက်ကို မနီလာရှိ တရုတ်သံရုံးက လက်တလော ဖြေကြားခြင်း မရှိသေးပေ။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်မြေ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြောင်း ပြောထားရာ ယင်းက ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၏ အထူးသီးသန့် စီးပွားရေးဇုန်များနှင့် နယ်ပယ်ချင်း ထပ်လျက် ရှိသည်။ ပေကျင်းသည် ၂၀၁၂ က Scarborough သောင်စွယ်ကို သိမ်းယူထားခဲ့ပြီး ဖိလစ်ပိုင်မှ ငါးဖမ်းသမားများကို

ခပ်လှမ်းလှမ်းရှိ ယင်းထက် ပိုမိုသေးငယ်သည့် ငါးဖမ်းကွက်များကို အတင်းအကျပ် သွားရောက်ဖမ်းယူထားစေခဲ့သည်။

ယခင်ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးလက်ထက် တရုတ်နှင့် ဖိလစ်ပိုင်အကြား ဆက်ဆံရေး တိုးတက်ခဲ့ချိန်က တရုတ်သည် လူမနေသော သောင်စွယ်သို့ ဖိလစ်ပိုင်ငါးဖမ်းသမားများကို ပြန်လာခွင့်ပေးခဲ့သည်။ သို့သော် လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ ယမန်နှစ်က အာဏာရပြီးနောက် တင်းမာမှုတို့က တဖန် မြင့်တက်နေခဲ့သည်။

ဒေသတွင် ဘာဂျို ဒီ မာဆင်လော့ ဟု သိသည့် သောင်စွယ်အနီး သောကြာနေ့က ပုံမှန် ကင်းလှည့်စဉ် အရှည် ခန့်မှန်းခြေ ၃၀၀ မီတာ (ပေ ၁,၀၀၀) ရှိသည့် ရေပေါ် အတားအဆီးတခုကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်နှင့် ငါးလုပ်ငန်းဗျူရို အမှုထမ်းများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required