ကားလုပြေးသည့်အဖွဲ့ကို လိုက်လံဖမ်းဆီးနေစဉ် အချင်းချင်းပစ်ခတ်မိရာမှ ရဲ ၁ ဦးကျည်ထိမှန်ဒဏ်ရာရ

By 007 (မဇ္စျိမ)
23 September 2023
ကားလုပြေးသည့်အဖွဲ့ကို လိုက်လံဖမ်းဆီးနေစဉ် အချင်းချင်းပစ်ခတ်မိရာမှ ရဲ ၁ ဦးကျည်ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက် မန့်ဝိန်း(၂) လမ်းတွင် ယနေ့ စက်တင်ဘာလ ၂၃ရက် နံနက်ပိုင်းက ကားလုပြေးသည့်အဖွဲ့ကို လိုက်လံပစ်ခတ် ဖမ်းဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မိ၍ တဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံထံက သိရသည်။

“ရဲကားနှစ်စီးနဲ့ လိုက်ဖမ်းကြရင်း ရှေ့ကရဲကို နောက်ကရဲက ပစ်လိုက်တဲ့သေနတ်ကျည်ဆန် မှန်တယ်။ သေလောက်တဲ့ဒဏ်ရာတော့မဟုတ်ဘူး။ ကျည်ဆန်တချက် မှန်သွားတာတော့ အသေချာပဲ” ဟု ဖြစ်စဉ်သိရှိခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

မူဆယ်မြို့ခံတဦး၏ကားအား လုယူမောင်းနှင်ထွက်ပြေးရာ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့က အိမ်စီးကားနှစ်စီး တပ်ဖွဲ့၀င်အင်အားခြောက်ဦးခန့်ဖြင့် နောက်မှလိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

“လူလေးယောက်ပါတယ်။ မြို့ထဲက ကားတစ်စီးကို လုပြီးမောင်းပြေးတာကို၊ ကားနှစ်စီးနဲ့ နောက်ကနေလိုက်ဖမ်းတာ။ မန့်ဝိန်းသင်္ချိုင်းသွားတဲ့လမ်းရောက်တော့ မီခါနီးမှာ တပ်ဖွဲ့၀င်(ရဲတပ်သား) နှစ်ယောက်က ဆင်းပစ်တယ်။ အဲဒီမှာဖြစ်သွားတာ၊ နှစ်ယောက်အသေရတယ်။  နှစ်ယောက်က အရှင်ဖမ်းမိတယ်” ဟု နီးစပ်သူတစ်ဦးကပြော သည်။

အရှင်ဖမ်းဆီးရမိသူ နှစ်ဦးအား မူဆယ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်နိုင်ရေးဆောင်ရွက်နေကြောင်း၊ အသေဖမ်းမိသူနှစ်ဦးကို မူဆယ်မြို့နယ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ကားလုယူထွက်ပြေးသည့်အဖွဲ့နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဓားပြမှု ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ယခုကဲ့သို့လိုက်လံပစ်ခတ် ဖမ်းဆီးမှုအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်
#မူဆယ်မြို့
#ပစ်ခတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly