ဘုတလင်မြို့နယ်တွင် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By ကိုခင်မောင်(မဇ္ဈိမ)
23 September 2023
ဘုတလင်မြို့နယ်တွင် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းစုန်ဆင်းလာသည့် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လေးမြေရွာနှင့် ညောင်သူများရွာအကြားတွင် ရှေ့ထွက်မိုင်း၁၀လုံးနှင့် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Daung New Generation ( KANI P.D.F) ထံက သိရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလက်ရေယာဉ် ၁၁ စီးပါဝင်သော  စစ်ရေယာဉ်အုပ်စုသည် ဘုတလင်မြို့နယ်အတွင်းသို့ စက်တင်ဘာ ၂၂ ရက်နေ့တွင်  ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို နေ့လယ်  ၁၂ နာရီခွဲခန့်က ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း Daung New Generation ( Kani PDF) တပ်ဖွဲ့မှ ဗိုလ်မုတ်ဆိတ်က မဇ္စျိမကို ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ်အုပ်စုမှ ဖလက်ရေယာဥ်တစီး  ထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုကြောင့် KANI P.D.F ရဲဘော်တဦးသည် ပုခုံးရှပ်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိသွားကြောင်း ဗိုလ်မုတ်ဆိတ်ထံက သိရသည်။

“ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောနှစ်စီးနဲ့ ကုန်တင်ဖလပ် ၁၁ စီးနဲ့ စုန်ဆင်းလာတဲ့ဟာကို ကြားဖြတ်ပြီးတော့ မိုင်းဆွဲတာ။ မော်တော်ယာဥ်တစီးတော့ မိုင်းဆွဲလိုက်နိုင်တယ်။ အဲ့ဒီနေရာမှာ ကန့်လန့်ကြီး မျှောသွားသေးတယ်။ ရေမြုပ်မိုင်း နှစ်လုံးဆင်ထားပေမယ့် မကွဲခဲ့ပါ။ ကနီမြို့နယ်ကနေ စုန်ဆင်းလာတာပါ။ အခုတော့ အလုံမင်းထောင့် ဆိပ်ကမ်းမှာရောက်နေတယ် ” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့ထွက်မိုင်း ၁၀လုံးနှင့် လက်နက် ငယ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၇ မမ အမြောက်များ၊ ၄၀ မမ ဗုံးပစ်လောင်ချာ များ၊ စက်လက်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း  သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Daung New Generation ( KANI P.D.F)နှင့် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဥ်အုပ်စုကြောင့်  ဘုတလင်မြို့နယ်၊  မြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများဖြစ်သော ရွှေစာရေး၊ ဝန်ပို၊ လေးမြေ၊ ညောင်သူများ၊ ညောင်ကုန်း၊ အင်းတော၊
ထန်းတော၊ ကွမ်းခြံ၊ စလွန်း၊ နုန်းတန်းရွာ တို့မှ ဒေသခံများ တိမ်းရှောင်နေကြကြောင်း သိရသည်။
စစ်ရေယာဉ်တန်းသည် ဟုမ္မလင်းမြို့မှစုန်ဆင်းလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ညက မင်းကင်း မြို့နယ်၊ မောက္ကတော်ကျေးရွာအနီးတွင် ညအိပ်ရပ်နားခဲ့ပြီး ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ပြန်လည် ထွက်ခွာစဉ် ရေယာဉ်တစီးတိမ်းမှောက်ခဲ့သည်ဟု သိရသည်။ 
ထိုရေယာဉ်များ၌ ကျောက်စိမ်းများ သယ် ဆောင်လာပြီး မန္တလေးမြို့အထိသယ်ဆောင်မည်ဟု သတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

စာတည်း။ ။  အောင်ကျော်ဖြိုး
#Mizzima
#ဘုတလင်မြို့နယ်
#စစ်ရေယာဉ်တန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly