KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ

By YT(မဇ္ဈိမ)
23 September 2023
KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ
ပုံအညွှန်း- လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် အဆောက်အဦးပျက်စီးမှုများ ( ဓါတ်ပုံ- လူမှုကွန်ယက်)

ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၁) နယ်မြေဖြစ်သည့် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင် ဌာနချုပ်ရုံးအဟာင်း တည်နေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

" မနေ့က ဗုံးကြဲခံရတာက အရင်ရုံးချုပ်နေရာ။  ခရိုင်တခုလုံးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး စစ်ရေးစစ်ရာရုံးတွေ ရှိတယ်။ အဲ့ဒီနေရာကို လာကြဲသွားတာပါ" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း- လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် အဆောက်အဦးပျက်စီးမှုများ ( ဓါတ်ပုံ- လူမှုကွန်ယက်)

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင်ရုံးအဟောင်း တည်နေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာတွင် ခရိုင်ဌာနချုပ်ရုံးအပြင် စစ်ရေးသုံးဗျူဟာရုံးပါ ရှိကြောင်း သိရသည်။

" အဲ့ဒီနေရာကတော့ ခရိုင်ရုံးပေါ့နော်၊ ပရစ်ခိုရွာမှာပေါ့။ ခရိုင်ရုံးရှိတယ် ဗျူဟာရုံးရှိတယ် ၊ အရင်ခရိုင်ရုံးအဟောင်းပေါ့။ မနေ့က တကြိမ် ဗုံးလာကြဲတာပေါ့။ ရုံးပျက်စီးထိခိုက်မှုတော့ ဖြစ်သွားတယ်။ လူတွေကတော့ လုံးဝ တယောက်မှ အထိအခိုက်မရှိပါဘူး" ဟု သထုံခရိုင် PDF က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ပုံအညွှန်း- လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် အဆောက်အဦးပျက်စီးမှုများ ( ဓါတ်ပုံ- လူမှုကွန်ယက်)

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ခရိုင်ဌာနချုပ်ရုံးအဟောင်းနှင့် ဗျူဟာရုံး အဆောက်အအုံ ပျက်စီးမှုများရှိပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တိုတယ်ခီးကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင်ဌာနချုပ်ရုံးနေရာကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ရုံးအဆောက်အအုံနှစ်ခု ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

ပုံအညွှန်း- လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် အဆောက်အဦးပျက်စီးမှုများ ( ဓါတ်ပုံ- လူမှုကွန်ယက်)

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly