ချင်းတွင်းမြစ်အတွင်း ပုပ်ပွပေါ်လာသည့် စစ်ကောင်စီ ရေယာဉ်မှ အလောင်းများ ဆယ်ယူသူမရှိသေး

By KMN(မဇ္ဈိမ)
23 September 2023
ချင်းတွင်းမြစ်အတွင်း ပုပ်ပွပေါ်လာသည့် စစ်ကောင်စီ ရေယာဉ်မှ အလောင်းများ ဆယ်ယူသူမရှိသေး
ပုံအညွှန်း - စစ်ကောင်စီ စစ်ရေယာဉ် တစီးကို ချင်းတွင်းမြစ်တွင်းတွေ့ရစဉ်။ (ဓာတ်ပုံ - ANPTT)

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်အတွင်း  ယမန်နေ့ က စတင်၍ ပုပ်ပွပေါ်လာသည့် စစ်ကောင်စီရေယာဉ်မှ အလောင်း ၁၀ လောင်းခန့် ကို  ယနေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီအထိ  ဆယ်ယူသူမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင်  ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကိုင်းတိုင်း၊  မင်းကင်းမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးနှင့် ဖလပ်ခွံရေယာဉ်များအနက် ဖလပ်ခွံတစီးသည် မောက္ကတော်ရွာအနီး နစ်မြုပ်ခဲ့ရာမှ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အလောင်းများ ပေါ်လာခြင်းဖြစ်ကြောင်း  အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကိုပြောကြားသည်။

"မနေ့က အထိ အလောင်း ၁၀ လောင်းတွေ့တာပါ ။ ဒီနေ့တော့ ထပ်မတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုင်းပဲအလောင်းတွေက ပစ်ထားပြီး မျှောနေတာ ၊ ဒီဘက်ကလည်း ဆယ်တာတွေ မလုပ်ကြဘူး" ဟု ယနေ့ ညနေ ၃ နာရီတွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့်အပေါ်   ၎င်းတာဝန်ရှိသူက  ဖြေကြားသည်။

ဒေသခံများ၏အဆိုအရ စက်တင်ဘာလ ၂၂ ရက်နေ့၌   ချင်းတွင်းမြစ်အတွင်း တွေ့ရှိရသည့်အလောင်းများအနက် အမျိုးသားအလောင်းများ အများဆုံးတွေ့ရပြီး စစ်ဦးထုတ်နှင့် ကြံခိုင်းရေးပါတီ တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသည့် အလောင်းများပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ ရေယာဉ်နစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး ၊ ကုမ္ပဏီဝန်ထမ်း သုံးဦး၊ ပြည်သူခြောက်ဦး စုစုပေါင်း ၁၂ ဦးပျောက်ဆုံးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ စစ်ရေယာဉ်နှစ်စီးနှင့် ဖလပ်ခွံရေယာဉ်များသည် စက်တင်ဘာလ ၂၁ ရက် ညတွင် ကနီမြို့နယ်၌  ညအိပ်ရပ်နားခဲ့ပြီး ချင်းတွင်းမြစ် အောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး Union Liberation Front က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly