တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော် ပြန်လည်ကျင်းပမည်

By ကိုခင်မောင်(မဇ္စျိမ)
23 September 2023
တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော် ပြန်လည်ကျင်းပမည်
ဓာတ်ပုံ။ ။ ရှမ်ပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ယခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့မှ ၂၇ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဟု တောင်ပိုင်းရိုးရာ မီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

“အဓိကပြန်လည်ကျင်းပတာကတော့ ရှမ်းပြည်နယ်ရဲ့အထင်ကရပွဲတော်တွေကို ပြန်လည်ဖော်ဆောင်းပြီး ဒေသလူမှုစီးပွားရေး ခရီးသွားဧည့်သည်များ ပြန်လည်အသက်ဝင်လာဖို့ပါဗျ။ ယခုနှစ်မှာလည်း ယခင်ကကျင်းပခဲ့သလိုပဲ နေ့လွှတ်မီးပုံးပျံ၊ ညလွှတ်မီးပုံးပျံ နှစ်မျိုးစလုံး ထည့်သွင်းပြီး ကျင်းပသွားမှာပါ။” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတဦးမှ မဇ္စျိမအားပြောသည်။

တောင်ကြီးမြို့တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်အထိ နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုဗစ်၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ယခင်နှစ်များတွင် မကျင်းပဖြစ်ခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်ဟု ၎င်းတာဝန်ရှိသူထံမှ သိရသည်။

“ယခုနှစ်၂၀၂၃ခုနှစ်မှာ ပြန်လည်ကျင်းပမှာကတော့ ရိုးရာအမွေတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ပြန်လည်ကျင်းပတာဖြစ်ပါတယ်” ဟုလည်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူမှ ဆက်လက်ပြောပြသည်။

ယခု ၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပွဲတော်များဖြစ်သော အင်းလေးဖောင်တော်ဦးဘုရားပွဲ၊ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော် နှစ်ခုစလုံးကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခုနစ်ရက်ကြာ ကျင်းပမည့် ၂၀၂၃ ခုနှစ် တောင်ကြီးမြို့တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ပါဝင်ဆင်နွဲလိုသော မီးပုံးပျံအသင်းအဖွဲ့များအနေဖြင့် ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းသို့ လာရောက်စုံစမ်းနိုင်ပါကြောင်း ယင်းအဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

တန်ဆောင်တိုင်မီးပုံပျံပွဲတော်ကျင်းပရာတွင် ညလွှတ်မီးပုံးပျံမှာ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ ဟူ၍နှစ်မျိုးရှိပြီး နေ့လွှတ်မီးပုံးပျံမှာမူ အရုပ်ခြေနှစ်ချောင်းမီးပုံးပျံ၊ အရုပ်ခြေလေးချောင်းမီးပုံးပျံ၊ အရုပ်အုပ်စုမီးပုံးပျံတို့ဟူ၍ သုံးမျိုးရှိကြောင်း သိရသည်။

တန်ဆောင်တိုင်မီးပုံပျံပွဲတော်အား ရှမ်းပြည်နယ်မြောက်ပိုင်း၊  တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပပြီး ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးရှိသည့် မီးပုံးများကို လွှတ်တင်ကြကာ   မြတ်စွာဘုရားကို ပူဇော်ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly