KNU တပ်မဟာ (၆)တွင် ၁ လအတွင်း ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၉၀ ကျော်သေဆုံး

By YT(မဇ္ဈိမ)
23 September 2023
KNU တပ်မဟာ (၆)တွင် ၁ လအတွင်း ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၉၀ ကျော်သေဆုံး
ပုံအညွှန်း- KNLA တပ်သားအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တွင် တလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၉၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟို၏ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

KNLA၊ KNDO ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ခုနစ်ဦးကျဆုံး၍ ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ပိုင်ဆိုင်သော ကားကိုးစီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU က ဆိုသည်။

" တပ်မဟာ (၆) အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများ နှင့် နယ်မြေလုံခြုံရေးအတွက် အကြောင်းပြု၍ နယ်မြေကျူးကျော် လှုပ်ရှားလာသော စစ်ကောင်စီတပ်များအား KNLA၊ KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း စသည်တို့ကို နေ့စဥ်နှင့်အမျှ လုပ်ဆောင်လျက်ရှိသည်" ဟု KNU က ဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တလတာအတွင်း KNU တပ်မဟာ (၆) နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပါဝင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ အကြိမ်ရေ ၇၀ ဖြစ်ပွားခဲ့ကြောင်း KNU က ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ဗိုလ်ကြီးသုံးဦး၊ တပ်ကြပ်တဦး၊ တပ်ကြပ်အဆင့်ရှိ နယ်ထိန်းရဲမှူးတဦးအပါအဝင် ၁၉၁ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး တဦး၊ ဒု-ရင်းမှူးတဦးအပါအဝင် ၁၆၃ ဦး ဒဏ်ရာရခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များတွင်း စစ်ကောင်စီတပ်ဘက်၌ အသေအဆုံး၊ ထိခိုက်ဒဏ်ရာရသူများပြားလာမှု၊ စခန်းတွင်း အထက်အရာရှိများ၏ ဖိနှိပ်အုပ်ချုပ်မှုတို့ကြောင့် စစ်ကောင်စီတပ်သားများသည် တပ်ကို စွန့်ခွာ၍ KNU နှင့် တော်လှန်ရေးပူးပေါင်းဖွဲ့များထံ လာရောက်ပူးပေါင်းမှုများ ရှိနေကြောင်းလည်း KNU က ဖော်ပြသည်။

KNU အနေဖြင့် ပြည်သူ့ဘက်တော်သားများအဖြစ် ၎င်းတို့ထံ လာရောက်ပူးပေါင်းသော စစ်ကောင်စီတပ်သားများကို ကြိုဆိုလျက်ရှိကြောင်းနှင့် လာရောက်ပူးပေါင်းသူများအနေဖြင့် ၎င်းတို့နှင့်အတူ လက်နက်များပါ ယူဆောင်လာနိုင်ပါက ကာလတန်ဖိုးနှင့်ညီမျှသည့် ထောက်ပံ့ငွေကိုပါ ပေးအပ်သွားမည်ဖြစ်ပြီး ဘဝရပ်တည်ရေးအတွက်ပါ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်သားတဦး စုစုပေါင်း သုံးဦး လက်နက်နှင့်အတူ တပ်စွန့်ခွာ၍ တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် တပ်မဟာ (၆) နယ်မြေတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် (သေနတ်) ရမ်းသန်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် KNU တပ်မဟာ (၆) နယ်မြေတွင် အမျိုးသမီး သုံးဦး အပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း ဒူးပလာယာခရိုင်၏ ဩဂုတ်လတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly