ဒရုန်းစစ်ဆင်ရေး ၈ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းသေဆုံး 

By KMN (မဇ္ဈိမ)
22 September 2023
ဒရုန်းစစ်ဆင်ရေး ၈ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းသေဆုံး 

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို  စက်တင်ဘာ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဒရုန်းစစ်ဆင်ရေး ရှစ်ရက်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၈ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း TGR Women Drone Force-Myaung မှ သတင်းထုတ်ပြန်သည်။

 မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းအား ဒရုန်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း TGR Women Drone Force-Myaung တာဝန်ခံ ကျားခင်စိန်က မဇ္ဈိမ ကိုပြောသည်။

"ပျူစောထီးတွေ ပိုများတဲ့ စစ်ကြောင်းပါ၊ ရွာစဉ်လှည့်ပြီး ပစ္စည်းတွေလုယူနေကြတာ။ ကျွန်တော်တို့ကသတင်းကြားရင် ကြားသလိုဒရုန်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ" ဟု ၎င်းကဆိုသည်။

စက်တင်ဘာ ၁၂ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းအား  မြင်းမူမြို့နယ် ဝမ်းပြည့်နဲ့ အလ္လကပ္ပအကြား လက္ကပင်ရွာအနီးနှင့် ငါန်းဇွန်မြို့နယ် လင်္ကာဒီပကျေးရွာ၊ ငါန်းမြှာကျေးရွာ ၊ ကျီကုန်းရွာ၊ ကန်သာရွာများ၌  ရောက်ရှိချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒရုန်းစစ်ဆင်ရေး ရှစ်ရက်အတွင်း ဗုံးသီး ၂၆ လုံး အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆၀ မမများ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်များဘက်မှ ထိခိုက်ခြင်းမရှိကြောင်း  TGR Women Drone Force-Myaung မှ ထုတ်ပြန်သည်။

ထိုတိုက်ခိုက်မှုများအား TGR People's Defense Force-Myaung၊  TGR Women Drone Force-Myaung၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force-MMU၊ မြင်းမူမြို့နယ် ပကဖ ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်း၊ ငါန်းဇွန်မီးနဂါး စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြင်းမူမြို့နယ်
#ငါန်းဇွန်မြို့နယ်
#ဒရုန်းစစ်ဆင်ရေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly