ရေတလျောက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

By YT(မဇ္ဈိမ)
22 September 2023
ရေတလျောက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်
ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရေတလျောက် စစ်ကောင်စီစခန်းအား တပ်မဟာ (၆) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။

"ဒီစခန်းက စစ်ကောင်စီ အတွက်ကတော့ အရေးပါတဲ့ စခန်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားစစ်ကြောင်းတွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရန်တွေ ထားသလို ဒဏ်ရာရလူနာတွေ ရှိရင်လည ဒီမှာတထောက်နားပြီးမှ အနောက်ကို ဆက်ပို့ရတာကြောင့်ဖြစ်တယ်။ နောက်တခုက နယ်စပ်နဲ့နီးတော့ ကျနော်တို့ကို ပိတ်ဆို့ထားချင်တဲ့အနေနဲ့ တည်ရှိနေတာဖြစ်ပါတယ်" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ကိုးဦးသေဆုံးပြီး ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA  တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

စခန်းသိမ်းတိုက်ပွဲအတွင်း  MA အမျိုးအစား သေနတ် ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီး စက်လက်တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်းသုံးလုံး၊ ဆက်သွယ်ရေးစက်ကြီးတလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သိမ်းပိုက်ပြီးသော ရေတလျောက်စစ်ကောင်စီစခန်းတွင် တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပ်ထိုင်မှု မပြုလုပ်ထားသော်လည်း စစ်ကောင်စီအနေဖြင့် ပြန်လည်ရယူရန် မလွယ်ကူကြောင်း ဆိုသည်။

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

"ကျနော်တို့ရဲ့မူအရ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့စခန်းတွေမှာ ပြန်ထိုင်ရိုးထုံးစံ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေက ကျနော်တို့နယ်မြေဖြစ်တယ်။ နေရာတိုင်းက ကျနော်တို့ နေရာ ကျနော်တို့စခန်းပဲ။ စခန်းက ကျနော်တို့မှ မနေတာ စစ်ကောင်စီအနေနဲ့ လာပြန်ထိုင်ချင်ရင်လည်း လာလို့ရတာပေါ့။ ဒါပေမဲ့စခန်းကို ပြန်ရောက်ဖို့ ဘယ်လောက်ကြိုးစားရမလဲကတော့ မပြောတတ်ဘူးပေါ့" ဟု တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

တပ်မဟာ (၆) KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်းများအား စီးနင်းတိုက်ခိုက်ခြင်း၊  ပြောက်ကျားပစ်ခတ်ခြင်းတို့အပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။  ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly