ကမ္မမြို့ပေါ် စစ်ကောင်စီတပ် နယ်မြေရှင်းလင်းစဉ် မြို့ခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရဟုဆို

By MTO(မဇ္ဈိမ)
22 September 2023
ကမ္မမြို့ပေါ် စစ်ကောင်စီတပ် နယ်မြေရှင်းလင်းစဉ် မြို့ခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရဟုဆို
ကမ္မမြို့ပေါ်တိုက်ပွဲတွင် ပါဝင်ခဲ့သည့် Young Force(UG)ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)ရဲဘော်များ Photo - Young Force(UG)

မကွေးတိုင်း၊ ကမ္မမြို့ပေါ် ရှိ ရဲစခန်းနှင့်အစိုးရရုံးများကို စက်တင်ဘာလ ၁၉ ရက်နေ့ တွင်ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေရာ ဒေသခံများထွက်‌ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

“ကမ္မမြို့ပေါ်မှာ ၁၂ ရပ်ကွက်ရှိတာမှာ အကုန်လုံးနီးပါး ရှောင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့နေ့ (တိုက်ပွဲဖြစ်ပွားတဲ့နေ့)က လေကြောင်းတွေ ပါ ပါလာတော့ ပြည်သူတွေလည်း လန့်ပြီး ရှောင်နေကြ တယ်။ နောက်ရက်မှာလည်း စစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး စကစ တွေနဲ့ ပျူ တွေက ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မယူနေကြတယ်” ဟု အနောက်လွင်ပြင် PDF အဖွဲ့ မှ ရဲဘော်တေဇက ပြောသည်။

လက်ရှိအချိန်တွင် ကမ္မမြို့ပေါ်နေ ပြည်သူများ ဘေးလွတ်ရာ၌ သွားရောက်နေထိုင်ကြရပြီး စစ်ရှောင် ဦးရေ ၁၀,၀၀၀ကျော် ရှိလာနေသည်ဟု ကမ္မမြို့ပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်္ယျာက ပြောသည်။  စစ်ကောင်စီနှင့်ပျူစောထီးများက ဒေသခံများပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းယူနေသည်ဟု ဆိုသည်။

 " ကမ္မမှာ စစ်ရှောင်က ၁၀,၀၀၀ကျော်ဖြစ်သွားပြီ။ မြို့ထဲမှာက မနေသလောက်ဖြစ်သွားပြီ။ ပြည်သူပိုင် ပစ္စည်းတွေကို ကားတွေနဲ့ သယ်နေတယ်” ဟုဗိုလ်လင်္ယျာက ပြောသည်။

မြို့ခံ ပြည်သူများသည် ပခုက္ကူ ၊ မြိုင် စသည့် မြို့ နယ်များတွင် စစ်ရှောင်နေကြရသည်ဟု သိရသည်။
" ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက အခြေအနေဆိုးနေတာပါ။ ကမ္မဘက်ကို ကားတွေ ထွက်လို့မရပါဘူး" ဟု မကွေးမြို့မှ ကားဂိတ်တာဝန်ခံတဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အနောက်လွင်ပြင်PDF အဖွဲ့အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့များ က ကမ္မမြို့ပေါ်ရှိ လျှပ်စစ်ရုံး၊ ထွေအုပ်ရုံးနှင့်ကြံ့ခိုင်ရေးရုံးတို့ကို စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။စစ်ကောင်စီဘက်တွင် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲဘော်တေဇက ဆိုသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required