ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄)တပ်ခွဲမှူးသေဆုံး

By သွင်ထူးဈာန် ကော်သူးလေ(မဇ္ဈိမ)
22 September 2023
ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄)တပ်ခွဲမှူးသေဆုံး
photo ပုံအဟောင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။

 ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 "စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။

ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly