ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Central World Apple Store မှာ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့မှာရောင်းချပေးမယ့် iphone 15 ထုတ်ကုန်တွေကို ဝယ်ယူဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြသူတွေထဲ မြန်မာလူမျိုးတွေအများဆုံးပါဝင်တယ်လို့ သွားရောက်တန်းစီစောင့်ဆိုင်းနေသူတွေဆီက သိရပါတယ်။
တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ မြန်မာလူမျိုးတွေဖြစ်ပြီး ကိုယ်တိုင်သုံးစွဲဖို့ဝယ်ယူသူတွေလည်းရှိသလို ပြန်လည်ရောင်းချဖို့ဝယ်ယူသူတွေ လူစားတန်းစီစောင့်ဆိုင်းပေးသူတွေလည်းပါဝင်တယ်လို့ ဝယ်ယူဖို့တန်းစီစောင့်ဆိုင်းနေသူ မြန်မာနိုင်ငံသားတဦးက မဇ္ဈိမကို ပြောပါတယ်။
လာရောက်တန်းစီကြသူတွေကများပြားပြီး Apple Stroe ရဲ့ စီမံခန့်ခွဲမှုလိုအပ်ချက်တချို့ကြောင့် တန်းစီနေကြသူအချို့ဟာ လူတိုးတဲ့ပြဿနာ လူ ပိတဲ့ပြဿနာကို ကြုံတွေ့ကြရကာ စကားအခြေအတင်ပြောဆိုရတာလည်းရှိခဲ့တယ်လို့ တန်းစီစောင့်ဆိုင်းနေသူ မြန်မာနိုင်ငံသားက ပြောပါတယ်။
တန်းစီဝယ်ယူပြီး ပြန်လည်ရောင်းချပါက အမြတ်ငွေများစွာရရှိနိုင်တာကြောင့် ဝယ်ရောင်းလုပ်ဖို့အတွက် တန်းစီနေသူမြန်မာနိုင်ငံသားတွေများပြားနေတာဖြစ်ကြောင်းလည်းသိရပါတယ်။