ဂန့်ဂေါမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး၊ ကာကွယ်ရေးတပ်က လက်နက်များသိမ်းဆည်းရရှိ

By ပါခွီး(မဇ္စျိမ)
22 September 2023
ဂန့်ဂေါမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး၊ ကာကွယ်ရေးတပ်က လက်နက်များသိမ်းဆည်းရရှိ
ပုံအညွှန်း - တိုက်ပွဲအတွင်းသိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ ဓါတ်ပုံ - ဂန့်ဂေါခရိုင် အမှတ်(၁၈)တပ်ရင်း

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ကန့်သက်ရွာအနီးရှိ စစ်စခန်းကို  ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပြီး သေနတ် ၁၅လက်နှင့် ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၈) YNRF – Htilin က စက်တင်ဘာလ ၂၁ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

ကန့်သက်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စခန်းကုန်းကို စက်တင်ဘာ ၁၈ရက် နံနက် ၄နာရီ ၃၀မိနစ်အချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲဒီစခန်းက လမ်းအသွားအလာများစစ်ဆေးတာနဲ့ အနည်းဆုံး ငါးမိုင်ပတ်လည်အတွင်း စစ်ကြောင်းထိုးတာတွေလုပ်လေ့ရှိပါတယ်” ဟု ယောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ကိုဘလှိုင်း က မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲကြာမြင့်ချိန် မိနစ် ၂၀ခန့်အတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ပျူစောထီးနှစ်ဦး ဒဏ်ရာရရှိသွားကာ ကျန်လူများမှာ စခန်းအား စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ပွဲမှ ကာဘိုင် ကိုးလက် ၊ Garena ခြောက်လက် ၊ကာဘိုင်ကျည်ဘောက် ၁၈ ခု ၊ MA ကျည်ဘောက် ခုနစ်ခု ၊ ကာဘိုင်ကျည် ၉၀၀တောင့် ၊ Garena ကျည် ၂၀၀တောင့် ၊ MAကျည် ၁၅၀နှင့် အီနာဂါဗုံးသီး ငါးလုံး သိမ်းဆည်း ရခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင် အမှတ် (၇)(၁၈)(၁၉) တပ်ရင်း ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ရင်း(၂) ၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖ တို့ ပူးပေါင်းခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၁ရက် ယမန်နေ့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နှစ်မိုင်ခန့်အကွာအဝေးရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် (၂၃)ကပစ သို့ ရဟတ်ယာဥ်ဖြင့် အင်းအားဖြည့်တင်းလာပြီး စစ်ကြောင်းထိုးရန်ပြင် ဆင်နေကြောင်း ကိုဘလှိုင်း က ဆက်ပြောသည်။

ကန့်သက်ရွာတွင် လွန်ခဲ့သော တနှစ်ခန့်ကတည်းက ဒေသခံပြည်သူ များ နေရပ် စွန့်ခွာတိမ်းရှောင်ခဲ့ကြပြီး လက်ရှိ ယင်းရွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကို လိုလားထောက်ခံသူများနေထိုင်ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly