တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀နဲ့ တော်လှန်ရေးရဲဘော် ၁၈ ဦး ကျဆုံးကြောင်း NUG ထုတ်ပြန်

By မဇ္ဈိမ 
22 September 2023
တလအတွင်းတိုက်ပွဲ ၄၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀နဲ့ တော်လှန်ရေးရဲဘော် ၁၈ ဦး ကျဆုံးကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေပါဝင်တဲ့ အမှတ်(၁) စစ်ဒေသမှာ ဩဂုတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ဒေသ(၁)နယ်မြေတွေမှာ ဩဂုတ်အတွင်း တိုက်ပွဲပေါင်း ၄၃၀ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ ၃၃၀ဦး သေဆုံးကာ ၄၅၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေး ရဲဘော် ၁၈ဦး ကျဆုံးကာ ၅၅ဦးဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
တိုက်ပွဲတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်၊ မိုင်းဆွဲ တိုက်ခိုက်မှု ၁၁၁ ကြိမ်၊ ဒရုန်းနဲ့တိုက်ခိုက်မှု ၆၅ ကြိမ် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရရှိမှုအနေနဲ့ကတော့ လက်နက်မျိုးစုံ ၈ လက်၊ ဒ ရုန်း ၄  စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ လည်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၀ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၂၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲတပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။
ဒါ့အပြင် ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၂ ရာခိုင်နှုန်းကျော် ပမာဏဖြစ်တဲ့ အယောက် ၃၀,၀၀၀ လောက်ထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly