စစ်ကောင်စီရဲ့ ချိုးဖောက်မှုကြောင့် NCA ပျက်ပြယ်တာကို အကျယ်တဝင့် ကြေညာချက်ထုတ်စရာ မလိုဟု  KNU ပြော

By မဇ္ဈိမ 
22 September 2023
စစ်ကောင်စီရဲ့ ချိုးဖောက်မှုကြောင့် NCA ပျက်ပြယ်တာကို အကျယ်တဝင့် ကြေညာချက်ထုတ်စရာ မလိုဟု  KNU ပြော

တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA) ဟာ စစ်ကောင်စီ အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်ပြယ်သွားပြီဖြစ်တာကြောင့် အကျယ်တဝင့် ကြေညာချက်ထုတ်စရာမလိုဘူးလို့ စက်တင်ဘာ ၂၀ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ပြောကြားလိုက်ပါတယ်။

လက်တွေ့မြေပြင်မှာလည်း KNU တပ်တွေက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်းလည်း အသိပေးပြောကြားထားပါတယ်။
 
KNU ခရိုင်နဲ့ တပ်မဟာ ခုနစ်ခုရှိတဲ့အနက် တပ်မဟာ(၇) ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက စက်တင်ဘာ ၁၄ရက်နေ့မှာ စာတစ်စောင်ထုတ်ပြန်ခဲ့ရာ NCA စာချုပ်ကို KNU မှ တရားဝင် ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသေးတာကြောင့် NCAကို အခြေခံပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ယင်းသို့ စာထွက်လာပြီးနောက် ပဒိုစောတောနီးက KNU ဗဟိုရဲ့သဘောထားကို အခုလို ရှင်းလင်းအသိပေးလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဘားအံခရိုင် တပ်မဟာ (၇) ဥက္ကဋ္ဌ  ပဒို စောအောင်မော်ဧ ရဲ့  NCA စာချုပ်အပေါ် အသိပေးဖော်ပြခြင်းကို ၎င်းတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ပြန်လည်ဖော်ပြခဲ့ပြီး NCA (၈) နှစ်ပြည့်အတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။

အခုလို လုပ်ဆောင်ခြင်းဟာ စစ်ကောင်စီအနေနဲ့ ဘက်ပေါင်းစုံမှာ  အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရပြီး ထွက်ပေါက်ရှာမရတာကြောင့် အကြပ်ရိုက်ပြီး ယခုလို လုပ်မိလုပ်ရာ လုပ်ခြင်း ဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ပြောကြားထားပါတယ်။

NCA နှင့်ပတ်သက်ပြီး ဇဝေဇဝါဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း ပဒိုစောတောနီးက ပြည်သူတွေကိုအသိပေးပြောကြားသွားပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို ကျဆုံးရေးအတွက် တစိုက်မတ်မတ် ဆက်လက်လုပ်သွားမယ်ဆိုတာ ရဲရဲကြီးပြောရဲပါတယ်လို့ သူကဆိုပါတယ်။
KNU ဟာ စစ်တပ်အာဏာသိမ်းစကတည်းက အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချကာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်များအကြား တိုက်ပွဲဖြစ်ပွားမှု တိုက်ပွဲကြီးငယ် ၁သောင်း ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်စခန်းအများအပြားကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ စစ်ကောင်စီက ချိုးဖောက်မှုကြောင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်း NCA အခန်း(၁)ပါ ပြဋ္ဌာန်းချက်များကို စစ်ကောင်စီတပ်က စစ်အာဏာသိမ်းလိုက်ခြင်းဖြင့် ချိုးဖောက်ခြင်းပြီး၊ စစ်ကောင်စီသည် နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားရန်အတွက် NCA စာချုပ် ဆက်လက် တည်ရှိနေသယောင် လုပ်ဆောင်နေကြောင်း  (၁၇) ကြိမ်မြောက် ကွန်ကရက်အပြီးမှာတုန်းက KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး က ပြောဆိုခဲ့တာဖြစ်ပါတယ်။
 
NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ  KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့က ဦးစွာလက်မှတ်ရေးထိုး ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ ၂ ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိတာဖြစ်ပါတယ်။
ဒါပေမယ့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်မှာတော့ NCA လက်မှတ်ထိုးထားတဲ့  EAOs(၁၀) ဖွဲ့ထဲမှ KNU၊ CNF နဲ့ ABSDF အဖွဲ့တို့က  စစ်ကောင်စီကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly