ကုလအထွေထွေညီလာခံစတင်နေချိန် NUG နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သို့ရောက်ရှိနေ

By မဇ္ဈိမ 
22 September 2023
ကုလအထွေထွေညီလာခံစတင်နေချိန် NUG နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သို့ရောက်ရှိနေ

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံစတင်ကျင်းပနေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကုလသမဂ္ဂဌာနချုပ်တည်ရှိရာ အမေရိကန်သို့ ရောက်ရှိနေကြောင်း သိရပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေတဲ့ကာလအတွင်း အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်ဝန်ကြီး Daniel Kritenbrink ဟာ အမျိုးသားညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်ဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

တွေ့ဆုံမှုအတွင်း အမေရိကန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီးက မြန်မာပြည်သူများအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စုရဲ့  ခိုင်မြဲတဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့မှာ  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဒု-ဝန်ကြီး ဦးအောင်ကျော်မိုး တို့ ပါဝင်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လက်ရှိ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတွင်းရေးမှူးချုပ် Antonio Guterres မနေ့ စက်တင်ဘာ ၁၉ ရက်နေ့က အဖွင့်မိန့်ခွန်း ပြောကြားတာမှာ ကမ္ဘာ့တဝန်း လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ပြောကြားတာမှာ မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ နိုင်ငံ့ခေါင်းဆောင်များအမည်စာရင်းစာအုပ်(Blue Book)မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဆက်လက်အသိအမှတ်ပြုထားကြောင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ မှတ်တမ်းအရ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာကို လုယူရန် ကြိုးပမ်းမှုစတင်ခဲ့ချိန်ကတည်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့  ရွေးကောက်ခံခေါင်းဆောင်များအား ဖမ်းဆီးချုပ်နှောင်ထားမှုကို ရှုတ်ချခဲ့ပြီး ‘ယနေ့ကမ္ဘာကြီးတွင် စစ်အာဏာသိမ်းမှုများအတွက် နေရာမရှိကြောင်း’ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံကိုယ်စားပြုခွင့်အတွက် အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂက လက်မခံခဲ့ဘဲ အရပ်သားအစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တဲ့ာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို အသိအမှတ်ပြုလက်ခံခဲ့ပါတယ်။

  ၂၀၂၃ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်သော သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားလှယ်များစာရင်းမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုထားတာဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ ကုလညီလာခံမှာကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တာဝန်ကို လက်ရှိ သံအမတ်ကြီးဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်လက် အတည်ပြုပေးဖို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီညီလာခံကာလအတွင်း NUG နိုင်ငံခြားရေးကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခေါင်းဆောင်တချို့နဲ့ ညီလာခံပြင်ပမှာ သီးသန့်တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း သတင်းတွေအရသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly