မုန်တိုင်းဒဏ်သင့် ရခိုင်က မြို့နယ်အချို့တွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေ

By ရောင်နီ (မဇ္စျိမ)
21 September 2023
မုန်တိုင်းဒဏ်သင့် ရခိုင်က မြို့နယ်အချို့တွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေ
ပုံအညွှန်း -  ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှံးခဲ့သည့် ပြည်သူများ။ (ပုံ-အဟောင်း)

မိုခါမုန်တိုင်း ဝင်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် မုန်တိုင်းတိုက်ခတ်ပြီး လေးလကျော်ကြာသည့်အချိန်အထိ ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပြန်လည်ထူထောင်ရေးအတွက် လုံလောက်သည့် ထောက်ပံ့မှုများ မရရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။ 

“ လက်ရှိအချိန်အထိ အခြေခံ လက်လုပ်လက်စားတွေက အမိုးအကာအောက်ကို မရောက်ရှိသေးတာအများကြီး ရှိသေးတယ်၊ အဲ့လူတွေက ယာယီအဆောက်အဦးတွေမှာ နေရတော့ ရာသီဥတု ဒဏ်တွေကြောင့် ကျန်းမာရေးမကောင်းတာတွေ ဖြစ်တယ်၊ နေမကောင်းဖြစ်ကြတာတွေများတယ်၊ ကျောက်တော်မှာ အခုရက်ပိုင်း မိုးလည်း တအားများနေတယ်၊ အဲ့ဒီတော့ မိုးမိပြီး ဖျားနာတာတွေ ဆက်တိုက်ဖြစ်နေပါတယ်” ဟု ကျော်တော်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ 

ယင်းသို့ ဖျားနာမှုဖြစ်ပွားရာတွင် လူလတ်တန်းစားများအနေဖြင့် နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမှုများ လုပ်ဆောင်နိုင်သော်လည်း ငွေကြေးမတတ်နိုင်သည့် လက်လုပ်လက်စားများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။ 
 
ထို့အပြင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျန်းမာရေးအဆောက်အဦးများကို ပြန်လည်ပြုပြင်ပြီး ဖြစ်သော်လည်း တိုက်နယ်ဆေးရုံတွင် ဆေးကုသမည့် ဆရာ၀န်မရှိသည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် လိုအပ်ချက်များ ရှိနေကြောင်း ပေါက်တောမြို့ခံတဦးကလည်း ပြောသည်။

“ ပေါက်တောတမြို့လုံးမှာ တိုက်နယ်ဆေးရုံ တခုရှိတာတောင် ဆရာ၀န်မရှိဘူး။ နယ်ဘက်က လူတွေက ကျန်းမာရေးအတွက် အားကိုးစရာမရှိဖြစ်နေတယ်၊ ပြည်သူတွေအတွက် ဆေးကုရာမှာ အခက်အခဲတွေ ရှိတယ်၊ ဒါတွေကိုလည်း သက်ဆိုင်ရာက အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးစေချင်ပါတယ်“ ဟု ပေါက်တော ဒေသခံက ဆိုသည်။ 

ကျန်းမာရေးဆိုင်ရာအကူအညီများသည် ရခိုင်ပြည်နယ်ရှိ မြို့ပေါ်နေရာများထက် မုန်တိုင်းကြောင့် လမ်းများပျက်စီးကာ သွားလာရေးခက်ခဲနေသည့် ကျေးရွာများတွင် ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။  

ထို့ကြောင့် သက်ဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် ပြည်သူများကြုံတွေ့နေရသည့် ကျန်းမာရေးအခက်အခဲ လိုအပ်ချက်များကို ဖြေရှင်းပေးကြရန် ဒေသခံများက တိုက်တွန်းထားသည်။ 

မိုခါအလွန် လိုအပ်နေသော ကျန်းမာရေး သောင့်ရှောက်မှု အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်ကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မုန်တိုင်းဒဏ်ဆိုးဝါးစွာခံစားခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပေါက်တော မြို့နယ်များတွင် ၀မ်းပျက်၀မ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် ယခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဆေးရုံ၊ ဆေးခန်း အပါအ၀င် ကျန်းမာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦး ၇၅၂ ခု ပျက်စီးခဲ့သည်။

ထို့အပြင် နေအိမ် ၂ သိန်းကျော် ပျက်စီးကာ ဒေသခံ ၁ သန်းကျော် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

လက်ရှိအချိန်တွင် မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်  လုံလောက်သည့် အထောက်အပံ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly