နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ စက်တင်ဘာ ၂၀၂၃)

By မဇ္ဈိမ 
21 September 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့က ဩစတေးလျနိုင်ငံ၊ South Australia ပြည်နယ်၊ Adelaide မြို့တွင် တိုင်းရင်းသားပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ၊အမှတ် (၁) စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးကျင်းပသည့် စစ်ပညာမွမ်းမံ သင်တန်း အပတ် စဥ် (၁) သင်တန်းဆင်းပွဲကို မကွေးတိုင်း စစ်ဒေသ(၁) ၏ စိုးမိုးထိန်းချုပ်နယ်မြေမှာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားသည်။
•    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းနေ၍ စစ်တပ်၏စစ်ကြောင်းထိုးမှုများအပြင် တိုက်ပွဲတွေပြင်းထန်နိုင် တာကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတိပေးထုတ်ပြန်လိုက်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို စက်တင်ဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးတပ်ဦးနေရာက ဦးဆောင်ပဲ့ကိုင်သူများ ဖြစ်သော်လည်း လူထု၏ အခန်းကဏ္ဍကိုမည်သည့်အခါမှ မမေ့ပျောက်ကြရန်လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရေတလျောက်စစ်ကောင်စီ တပ် စခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗီဒီယိုဖိုင်အား တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် Special Operations Group (SOG) တပ်ဖွဲ့က ထုတ်ပြန်လာသည်။
•    ရန်ကုန်မြို့လယ်ခေါင်ရှိ ဈေးတနေရာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က အသံချဲ့စက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသီချင်းဖွင့်ကာ ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း တော်လှန်ရေး အင်အား စုတခုထံမှ သိရသည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲအတွက်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံနေကြောင်း သိရသည်။
•    မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာတွင် စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အဘိုး၊အဘွားများ အပါအဝင် ရွာရှိ လူအားလုံးကို ရိုက်နှက်ပြီး နေအိမ် တလုံးကို မီးရှို့သွား‌ကြောင်း ဒေသခံများထံက သိရသည်။
•    ချင်းတွင်းမြစ်ကြောင်းအတိုင်း မင်းကင်းမြို့နယ်မှ စုန်ဆင်းလာသည့် စစ်ကောင်စီတပ် ရေယာဉ်များက မြစ်ကမ်းတလျှောက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်မှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်။
•    စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် တော်လှန်အလှူပွဲကျင်းပခဲ့ရာ ရွာပေါင်းစုံသပိတ်နှင့် ယင်းမာပင်မြောက်ခြမ်း ကျေးရွာ များသပိတ်စစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် ပူးပေါင်းချီတက်ခဲ့ကြသည်။
•    အရပ်သားအစိုးရ NLD လက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဟောင်း နိုင်သက်လွင်(ခ) နာဲသိုက်လောန် သည် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း တွင် ရန်ကုန်မြို့ ကန်သာယာဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နိုင်သက်လွင်နှင့် နီးစပ်သူများထံမှ သိရသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် အဆိုပါမြို့၌ ဆက်လက်တပ်စွဲထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ကရင်နီ အမျိုးသားကာကွယ်ရေး တပ်မတော် (KNDF) တပ်ရင်း (၁၂) ၏ အမျိုးသမီး ရဲမေများက စိုးမိုးနယ်မြေတွင် လုံခြုံရေးအရ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း Karenni Nationalities Defense Force – KNDF တပ်ရင်း (၁၂) မှ ထုတ်ပြန်ထားသည်။
•    ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မြစ်ကြီးနား-ပူတာအိုလမ်းက အကြမ်းဖက်စစ်တပ်၏ တပ်စခန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ခါကာဘိုရာဇီပြည်သူ့ကာကွယ် ရေးတပ် (KPF) တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
•    ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီး ၊ဘုရားသုံးဆူဒေသမှာ အခုလ တတိယပတ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်ရတယ်လို့ KNU ကထုတ် ပြန်ထားသည်။
•    စစ်ကောင်စီအာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်ပြယ်သွားပြီဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်(NCA)နှင့် ပတ်သက်ပြီး ရေးကြီးခွင်ကျယ်လုပ်ပြီး စာချုပ်ပျက်ပြယ်ကြောင်း ကြေညာချက် ထုတ်ရန် မလိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
•    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ရေတလျောက်တပ်စခန်း သိမ်းပိုက်မှု ရုပ်သံမှတ်တမ်းကို တိုက်ပွဲ၌ ပါဝင်သည့် အထူးစစ်ဆင်ရေးအဖွဲ့- Special Operation Groupက ယနေ့ ထုတ်ပြန်သည်။
•    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား ပျက်ယွင်းနေသဖြင့် KNU အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်ဖြင့် အစားထိုး အုပ်ချုပ်နေ ပြီဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစော တောနီး၏ ပြောကြားချက်ကို ကိုးကား၍ ရန်ကုန် ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီ
•    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်ကောင်စီအမိန့်ကြောင့် ၄,၅၀၀ ကျပ်ဖြင့် စျေးလျှော့ရောင်း ချပေးသည့်ဆီများကိုစားသုံးပြီးနောက် လည်ချောင်းနာနှင့် ချောင်းဆိုးသလိပ်ကပ်ဝေဒနာများ ခံစားနေ ကြရကြောင်း ဒေသခံများထံမှ သိရသည်။
•    ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင် အရွယ် ဖုန်းဆိုင်လုပ်ငန်းရှင် ဦးစည်သူအောင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ထားကြောင်း မြို့ခံများ က မဇ္ဈိမကို အတည်ပြုသည်။
•    ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများ မဖြစ်မနေ လျှောက်  ထားရမည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ သက်သေခံလက်မှတ် (OWIC)ကတ်ကို အွန်လိုင်းက တစ်ဆင့် အခကြေးငွေယူပြီး လုပ်ဆောင်ပေးနေခြင်းက ကတ်အတုများ သာဖြစ်ကြောင်း  စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
•    မြန်မာနိုင်ငံကို ဝင်ရောက်လာကြမည့် နိုင်ငံခြားသားများကို လေဆိပ်ကိုဝင်ရောက်သည်နှင့် ကျန်းမာရေးအာမခံအပါအဝင် ဒေါ်လာငွေ ပါရှိမှုကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဌာနက သိရသည်။
•    မြန်မာအမျိုးသားလေကြောင်း(MNA)ဟာ လေကြောင်းကုန်စည်ပို့ဆောင် ရေးခရီးစဉ်များကို စက်တင်ဘာ ၁၉ ရက်က စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း လိုင်းက သိရသည်။
စက်တင်ဘာ ၂၁ ရက် သုံးသပ်ချက်
•    အာဏာလုစစ်တပ်ကို တစ်နိုင်ငံကဆန့်ကျင်တော်လှန်နေသည်မှာ ၃နှစ်နီးပါးရှိလာချိန်တွင် တော်လှန်ရေးအရှိန်ကောင်းလာသလို စစ်ကောင်စီသည် နယ်‌မြေများလက်လွှတ်လိုက်ရသလို ထိန်းချုပ်နယ်မြေများလည်း လျော့နည်းလာသည်။KNU ဆိုလျှင် စစ်ကောင်စီအုပ်ချုပ် နယ်မြေ များ မြို့များကိုပါ အုပ်ချုပ်လာနိုင်သည်ကိုတွေ့ရသည်။
•    အညာဒေသတွင် ယခုအချိန်ထိ စစ်ကောင်စီထိန်းချုပ်နိုင်ခြင်းမရှိဘဲ အထိအခိုက် အသေဆုံးများ နေသည့်အတွက် အကြမ်းဖက်စစ်တပ်က ရွာများကိုမီးရှို့ တွေ့သည့်ပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly