ကနီမြို့နယ် မဲဒင်ကျေးရွာအနီး၌ စစ်ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
21 September 2023
ကနီမြို့နယ် မဲဒင်ကျေးရွာအနီး၌ စစ်ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းစုန်ဆင်းလာသည့် စစ်ရေယာဉ်အုပ်စုကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက မဲဒင်ကျေးရွာအနီးတွင် လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Burma Liberation Democratic Front - BLDF တပ် DEMO တပ်ခွဲမှ သိရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလက်ရေယာဉ် ၁၁ စီးပါဝင်သော  စစ်ရေယာဉ်အုပ်စုသည် ကနီမြို့နယ်အတွင်းသို့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေက ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို ညနေ ၃ နာရီခွဲခန့်က ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း DEMO တပ်ခွဲ တပ်ရေးဗိုလ်ကြီး Demo က ပြောသည်။

“ ရေကြောင်းတိုက်ပွဲတိုက်ဖို့ နှစ်ရက်လောက် အချိန်ယူ ကြိုတင်ပြင်ဆင်ခဲ့ရတာပါ။ ရှေ့ထွက်ပြောင်းတိုက် လက်နက်ကြီး ၃၀ ကျော်ဆိုတော့ ယမ်းအတော်များများ သုံးလိုက်ရတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ် မှု မိနစ် ၄၀ လောက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့ထွက်ပြောင်းတိုက် ၃၀ ကျော်နှင့် လက်နက် ငယ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၇ မမ အမြောက်များ၊ ၄၀ မမ ဗုံးပစ်လောင်ချာ များ၊ စက်လက်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း DEMO တပ်ခွဲမှ သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ်အုပ်စုမှ ဖလက်ရေယာဉ်နှစ်စီး စက်ခန်းထိမှန်ပျက်စီးခဲ့ပြီး၊ စစ်သားသေ ဆုံးမှုရှိကြောင်း တပ်ရေးဗိုလ်ကြီး Demo က ပြောသည်။

“ စက်ခန်းမှန်သွားတဲ့ ဖလက်ခွံတွေကို ကနီရောက်မှ ပြန်ပြင်နေတယ်။ ဒဏ်ရာရသူတွေကို ကနီဆေးရုံမှာ ကုသမှုခံယူနေပြီး ဝင်ခွင့်ပိတ်ထားတဲ့အတွက် စစ်ကောင်စီတပ်သား သေဆုံးမှုအတိကျ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Burma Liberation Democratic Front - BLDF တပ်မှ DEMO တပ်ခွဲက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်ဆုတ်ခွဲနိုင်ခဲ့သည့်အတွက် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ်အုပ်စုသည် ဟုမ္မလင်းမြို့မှစုန်ဆင်းလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ညက မင်းကင်း မြို့နယ်၊ မောက္ကတော်ကျေးရွာအနီးတွင် ညအိပ်ရပ်နားခဲ့ပြီး ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ပြန်လည် ထွက်ခွာစဉ် ရေယာဉ်တစီးတိမ်းမှောက်ခဲ့သည်ဟု သိရသည်။ ထိုရေယာဉ်များ၌ ကျောက်စိမ်းများ သယ် ဆောင်လာပြီး မန္တလေးမြို့အထိသယ်ဆောင်မည်ဟု သတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly