အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များအတွက် ကျန်းမာ ရေးအကူအညီများလိုအပ်နေကြောင်း Network for Unity Association (NUA), Mizoram တာဝန်ရှိသူ ထံမှသိရသည်။
“အဓိကတော့ သမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေမဟုတ်ဘဲ နာတာရှည်ရောဂါတွေအတွက် ကုသဖို့ အကူအညီတွေ အထူးလိုအပ်ပါတယ်။ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုများတဲ့အတွက် ရေရှည်အတွက်ဆိုရင် အတော်ခက်ခဲမဲ့ အခြေအနေမှာရှိတယ်”ဟု အကူအညီပေးရေးအဖွဲ့များစုဖွဲ့ထား သည့် NUA မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော တုတ်ကွေး၊ နှာစေးချောင်းဆိုး အစရှိသော ကျန်းမာရေးကိစ္စများအတွက် မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၌ မြန်မာနိုင်ငံသားဆရာဝန်နှင့်သူနာပြုများဖွင့်လှစ်ထားသော Chin Health Organization ဆေးပေးခန်းနှင့် အစိုးရပြည်သူ့ဆေးရုံများတွင် အခမဲ့ကုသနိုင်ကြောင်း ဆိုသည်။
သို့သော် နာတာရှည်ရောဂါများဖြစ်သည့် ကင်ဆာ၊ အသည်းရောင် ဘီ၊ စီ နှင့် တီဘီ အစရှိသောဝေဒနာရှင် များအတွက် ကုသရန် ငွေရေးကြေးရေးအခက်အခဲ တွေ့ကြုံနေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံသူများတွင် နှစ်နှစ် ကျော်ကာလအတွင်း ယခင်ရောဂါအခံရှိသူများအပြင် အစားအသောက် အာဟာရမပြည့်ဝမှုနှင့် စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်မှုများကြောင့် သက်ကြီးပိုင်းနာတာရှည်ဝေဒနာရှင်များ တွေ့ရှိလာမှု မြင့်တက်လာနေ ကြောင်း NUA တာဝန်ရှိသူက ဆက်ပြောသည်။
အကူအညီပေးရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များ အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချိန်တွင် ကူညီ နိုင်ရေးအတွက်သာဆောင်ရွက်နိုင်ပြီး ရေရှည်ကျန်းမာရေးကုသစရိတ် ထောက်ပံ့ပေးနိုင်ခြင်း မရှိကြောင်း ဆိုသည်။
ထန်တလန်မြို့နယ်မှ စစ်ဘေးရှောင်လာသည့် အသက် ၁၄ နှစ်အရွယ် ဗန်ဒေါ့လျန်ဆန်းသည် စက်တင် ဘာလ ၂၀ ရက် ယမန်နေ့က ဦးနှောက်အကျိတ်ရောဂါကြောင့်ဆုံးပါးခဲ့ပြီး မီဇိုရမ်မှ ၎င်း၏ဇာတိမြေသို့ ရုပ် အလောင်းပြန်လည်သယ်ယူနိုင်ရန် မီဇိုလူငယ်အသင်း(YMA)ဗဟိုဌာနချုပ်က အကူအညီပေးခဲ့ကြောင်း သိရသည်။
လူငယ်အသင်း၏ရုံးတွင် ရုပ်အလောင်းထားရှိခဲ့ပြီး ပြန်လည်သယ်ယူနိုင်ရေးအတွက် ကားတစ်စီး စီစဥ်ပေး ပြီး ရူပီးငွေ ၁၀,၀၀၀ ကူညီခဲ့၍ မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့များမှလည်း ကူညီငွေများ ပေးအပ်ခဲ့ကြောင်း NUA တာဝန်ရှိသူက ပြောဆိုသည်။
ထို့အတူ စက်တင်ဘာလ ၂၀ ရက်နေ့ညက အိုက်ဇောလ်ခရိုင် Tuirial စခန်းတွင် နေထိုင်သည့် ၆၃ နှစ် အရွယ်အမျိုးသမီးကြီးတဦး ပုဂ္ဂလိကဆေးရုံတခု၌ အရေးပေါ်ကုသနေရသဖြင့် ဆေးကုသစရိတ် လိုအပ် နေ ကြောင်းသိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းသည် စားသောက်ရေးအတွက်ပင်အခက်အခဲရှိနေ၍ ဆေးကုသစရိတ်အတွက် စခန်းတာဝန်ရှိသူများက ပေးနိုင်ခြင်းမရှိကြောင်း ဆိုသည်။
အဆိုပါ အမျိုးသမီးကြီးအတွက် လိုအပ်သောဆေးကုသစရိတ် ကူညီလှူဒါန်းလိုသူများအနေဖြင့် Network for Unity Association (NUA), Mizoram မှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ