'ဆုဖလားရ မန်နေဂျာတွေ' ခန့်အပ်ရာမှာ အမှားအယွင်းဖြစ်ခဲ့တယ်လို့ တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်း ပြော

By By PKThawn
21 September 2023
'ဆုဖလားရ မန်နေဂျာတွေ' ခန့်အပ်ရာမှာ အမှားအယွင်းဖြစ်ခဲ့တယ်လို့ တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်း ပြော

တော့တင်ဟမ်ဟော့စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ် လီဗိုင်းက “ဆုဖလားရ မန်နေဂျာတွေ”ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟိုနဲ့ အန်တိုနီယို ကွန်တီတို့ကို ခန့်အပ်ရာမှာ ကလပ်အသင်းဟာ "အမှားအယွင်းတွေ"ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးစလုံးဟာ မန်နေဂျာတွေအဖြစ် အရင်က ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပေမယ့်လည်း စိတ်ပျက်စရာရလဒ်တွေ ထွက်ပေါ်လာပြီးနောက် ၁၈ လမပြည့်ခင်မှာ စပါးအသင်းကနေ ထုတ်ပယ်တာခံခဲ့ရပါတယ်။

ဒါပေမယ့် စပါးအသင်းကတော့ နည်းပြသစ် ပိုစတီကိုဂလူ လက်ထက်မှာ ပုံစံကောင်းပြသနေပြီး ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

"ကျနော်တို့ရဲ့ တော့တင်ဟမ်ဟော့ကို ပြန်ရလိုက်ပါပြီ"လို့ လီဗိုင်းက စပါးအသင်းရဲ့ ပရိသတ်ဖိုရမ်မှာ ပြောပါတယ်။

လီဗိုင်းက မက်ဒရစ်မှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၉ မှာ တော့တင်ဟမ်ကို ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တဲ့ အခု ချယ်လ်ဆီးနည်းပြ မော်ရီစီယို ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် "ဗျူဟာပြောင်း"ဖို့ ဖိအားတွေ သူ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

"ကျနော်က တခြားသူတွေလိုပဲ အနိုင်ရချင်ရုံပါပဲ"လို့ လီဗိုင်းက ပြောပါတယ်။

“ဆုဖလားမဆွတ်ခူးတာကနေ စိတ်ပျက်စရာဖြစ်ရပြီး ကျနော်တို့ အနိုင်ရဖို့ လိုအပ်တယ်၊ ငွေသုံးဖို့ လိုတယ်၊ မန်နေဂျာကြီး၊ နာမည်ကြီးတဲ့သူ ရှိဖို့လိုတယ်ဆိုတဲ့ ကစားသမားတချို့နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုရဲ့ ဖိအားတွေပါပဲ။ ပြီးတော့ အဲဒါက ကျနော့်ကို ထိခိုက်စေခဲ့တယ်။

"ဗျူဟာက ဆုဖလားရတဲ့ မန်နေဂျာတယောက် ခေါ်ယူဖို့ဖြစ်ပြီး ကျနော်တို့ နှစ်ကြိမ်လုပ်ခဲ့တယ်။ အမှားတွေကနေ သင်ခန်းစာယူရပါမယ်။"

ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား သုံးကြိမ်ရရှိခဲ့တဲ့ မော်ရင်ဟိုကို စပါးအသင်းက ၂၀၁၉၊ နိုဝင်ဘာလမှာ ခန့်အပ်ခဲ့ပြီး သူ့ရဲ့ပထမရာသီမှာ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာအထိ အသင်းကို ပို့ဆောင်ခဲ့ပါတယ်။

၂၀၂၁၊ ဧပြီလမှာ ထုတ်ပယ်ခံရတဲ့အချိန်က ကလပ်အသင်းဟာ ကာရာဘောင်းဖလားဖိုင်နယ်မှာ ကစားဖို့ ရက်အနည်းငယ်သာ လိုတော့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အဆင့် (၇) နေရာသာ ရပ်တည်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ နေရာကို ဆက်ခံတဲ့ နူနို အက်စပီရီတို ဆန်တိုကို ထုတ်ပယ်ပြီးနောက် ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရ နည်းပြကွန်တီကို ခန့်အပ်ခဲ့ပါတယ်။

သူ့ရဲ့ ပထမရာသီမှာ တော့တင်ဟမ်ကို ထိပ်ဆုံး (၄)သင်းအဆင့်ဆီ ဦးဆောင်ပေးပြီးနောက် အီတလီနည်းပြကြီးဟာ ကလပ်ရဲ့ အစဉ်အလာကို ဝေဖန်ခဲ့ပြီး စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၄)နေရာရခဲ့ပြီး ဖလားပြိုင်ပွဲအားလုံးကနေ နုတ်ထွက်သွားခဲ့ပြီးချိန် မတ်လမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

"သူတို့က ကြီးကျယ်တဲ့ မန်နေဂျာတွေ ဖြစ်ကြပေမယ့် ဒီကလပ်အတွက် မဖြစ်နိုင်ပါဘူး"လို့ လီဗိုင်းက ပြောပါတယ်။

သူဟာ မန်နေဂျာတွေ ခန့်အပ်မှုမှာ အမှားလုပ်မိကြောင်း ဝန်ခံခဲ့ပေမယ့် လီဗိုင်းက ဥရောပစူပါလိဂ် (ESL) မှာ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်ချက်အပေါ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

တော့တင်ဟမ်ဟာ ESL မှာ ပူးပေါင်းဖို့ သဘောတူထားတဲ့ ပရီးမီးယားလိဂ်ကလပ် ခြောက်သင်းအနက်မှ တသင်းဖြစ်ပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံရပြီးနောက် ၇၂ နာရီအတွင်း အဲဒီပရောဂျက်ကနေ ကျောခိုင်းခဲ့ပါတယ်။

"ကျနော် ပြောချင်တာက ကျနော်တို့ဟာ ဒီကလပ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် အမြဲတမ်း လုပ်ဆောင်သွားမှာပါ၊ ကျနော်တို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော် ရပ်တည်သွားမှာပါ။ ဥရောပစူပါလိဂ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျနော်တို့တွေ ပြင်ဆင်ထားပါတယ်"လို့ လီဗိုင်းက ပြောပါတယ်။

(BBC)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required