စစ်ကောင်စီစစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နား

By မဇ္ဈိမ 
21 September 2023
စစ်ကောင်စီစစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နား

ကချင်ပြည်နယ် ချီဖွေ မြို့နယ်ထဲက ပန်ဝါဒေသမှာ မြေရှား မိုင်းတွင်းတွေကို စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေ စစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် စက်တင်ဘာလဆန်းကတည်းက ပိတ်သိမ်းထားတာ ပြန်လည် တူးဖော်ခွင့်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဓိကကျတဲ့ မြေရှား သတ္တု အရင်းအမြစ်တွေ အများအပြားရှိနေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မှာ မြေရှားဓာတ်သတ္တုတူးဖော်ခွင့်ကို ဒီလ အစောပိုင်းကတည်း ပိတ်သိမ်းထားကြောင်းနှင့် ဘယ်အချိန် လုပ်ငန်းတွေ ပြန်စနိုင်မလဲ ဆိုတာ မသိသေးကြောင်း ဒေသခံ သတ္တုတွင်းလုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံ လေ့လာသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လောလောဆယ်မှာ မြန်မာပြည်ကအလုပ်သမားတွေရော တရုတ်နိုင်ငံသားတွေပါ ပြန်လိုက်ရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ယောက်က ပြောပါတယ်။

ကမ္ဘာမှာ Rare Earth မြေရှားသတ္တုအများဆုံးရောင်းနေတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံထဲမှာတင်မကပဲ ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါဒေသမှာပါ တူးဖော်ပြီး တရုတ်ကို ပို့နေတာပါ။ မြေရှားသတ္တုထွက်တဲ့ဒေသမှာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီတပ်နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ရှိပါတယ်။

အဲဒီဒေသမှာ လုပ်ကွက်ပေါင်း သုံးရာလောက်ရှိပြီး၊ အားပြင်းအက်စစ်သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်တွေ့ရတယ်လို့ ကမ္ဘာမှာ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာ နေတဲ့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက် နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါး သတ္တုတူးဖော်ရေးကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ ချီဖွေမြို့နယ်က မြေ ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ခုမှာ မြေရှားသတ္တုတူးဖော်ဖို့ ခွင့်ပြုပေးခဲ့တာ တွေ့ရပါတယ်။

အခုနောက်ပိုင်းတော့ သတ္တုတူးတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် ဘယ်ကုမ္ပဏီတွေက လုပ်ဆောင်နေသလဲဆိုတာသိဖို့ ခက်ခဲသွားတယ်လို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက် (MMWN) က ကွန်ရက်ချိတ်ဆက်မှုတာဝန်ခံ ပေါလ် (Paul) ကတော့ စစ်ကောင်စီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကနေ လာစစ်ဆေးတာ မဖြစ်နိုင်ဘဲ နိုင်ငံခြားငွေရနိုင်မလားဆိုတာ လာကြည့်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာစစ်တပ်ဟာ သယံဇာတရောင်းလို့ရတဲ့ ဝင်ငွေကို အားထားခဲ့ပါတယ်။ ဒါကြောင့် သယံဇာတထွက်တဲ့နေရာတွေမှာ မြေယာတွေသိမ်းပြီး ရွာတွေပြောင်းခိုင်းတာလည်း ရှိပါတယ်။ ဒါကြောင့် အခုပန်ဝါဒေသမှာလည်း အဲဒီလိုဖြစ်ရပ်တွေကြုံလာမှာကို စိုးရိမ်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်သွင်းခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ကိုးရာနီးပါး ရှိခဲ့တယ်လို့ တရုတ်အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly