ဇီဝအချက်အလက် အိုင်ဒီကတ်များ မိတ်ဆက်ရန် စစ်ကောင်စီကို တရုတ် ကူညီမည်

By မဇ္ဈိမ/ အေအက်ဖ်ပီ
21 September 2023
ဇီဝအချက်အလက် အိုင်ဒီကတ်များ မိတ်ဆက်ရန် စစ်ကောင်စီကို တရုတ် ကူညီမည်
Photo: AFP

မြန်မာစစ်ကောင်စီသည် ကိုင်ဆောင်သူ၏ ဇီဝဆိုင်ရာ အချက်အလက်များ ပါဝင်မည့် အီလက်ထရောနစ် သက်သေခံကတ်ပြား (eID) စနစ်သစ် အကောင်အထည်ဖော်ရေးအတွက် တရုတ်ထံမှ အကူအညီကို တောင်းခံထားသည်။

စစ်ကောင်စီ၏ အဓိက မဟာမိတ်နှင့် လက်နက် ထောက်ပံ့ရောင်းချသူ ဖြစ်သည့် တရုတ်သည် အပြင်ပန်းအားဖြင့် လုံခြုံရေး ရည်ရွယ်ချက်များအတွက် ဆိုပြီး နိုင်ငံသားများထံမှ ဒေတာအချက်အလက် အမြောက်အမြားကို ကောက်ယူစုဆောင်းသည့် နိုင်ငံတဝန်း ပြန့်ကျဲရှိနေသည့် စောင့်ကြည့်မှု ကွန်ရက်တခုကို လုပ်ဆောင်နေသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင် နှင့် တရုတ် နိုင်ငံတော် လူဝင်မှု အေဂျင်စီ (NIA) ၏ ဒုဝန်ကြီး တို့အကြား ယခုသီတင်းပတ်ထဲ တရုတ်နိုင်ငံ၌ ဆွေးနွေးမှုများအပြီးတွင် နှစ်နိုင်ငံအနေဖြင့် eID စနစ်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု စစ်အုပ်စုထိန်းချုပ်သည့် ဂလိုဘယ် နယူလိုက်အော့ဖ်မြန်မာ သတင်းစာက ဖော်ပြသည်။

eID သည် “အသက် ၁၀ နှစ်နှင့်အထက် အရွယ်ရှိ နိုင်ငံသားများ၏ ဇီဝဆိုင်ရာ အချက်အလက်များနှင့် အတ္တုပတ္တိ ဒေတာအချက်အလက်များကို ကောက်ယူလိမ့်မည်ဟု ထို မီဒီယာက ဖော်ပြသည်။

တရုတ်သည် ယင်းကဲ့သို့သော နည်းပညာနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာ ရှိပြီး ၎င်းတို့၏ နိုင်ငံသားများကို စောင့်ကြည့်သည့် ကျယ်ပြန့်သော နိုင်ငံတဝန်း စောင့်ကြပ်မှုစနစ်တွင် ယင်းနည်းပညာကို အသုံးပြုသည် ဖြစ်ရာ ယင်းအပေါ် အကြီးအကျယ် ဝေဖန်မှုများလည်း ရှိသည်။

ယခု အောက်တိုဘာတွင် အစမ်း လုပ်ဆောင်မည် ဖြစ်သလို ၂၀၂၄ တွင် ပြုလုပ်မည်ဟု ဆိုသော စီစဉ်ထားသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု၏ တစိတ်တဒေသအဖြစ် စစ်ကောင်စီက eID ကတ်များကို မိတ်ဆက်ရန် ဆန္ဒရှိနေသည်။

ဆွေးနွေးမှုများအတွင်း လာမည့်နှစ် သန်းခေါင်စာရင်း ကောက်ယူမှုမတိုင်မီ အောက်တိုဘာလ အစမ်း ကောက်ယူမှုနှင့်ပတ်သက်ပြီး ဦးမြင့်ကြိုင်က တရုတ်အရာရှိများကို ရှင်းပြခဲ့ပြီး eID စနစ် အကောင်အထည်ဖော်ရာတွင် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့ကြောင်း ဂလိုဘယ် နယူးလိုက်အော့ဖ် မြန်မာ သတင်းစာက ဖော်ပြသည်။

၂၀၂၅ တွင် ကျင်းပမည်ဟု ဆိုသည့် ရွေးကောက်ပွဲတရပ် မကျင်းပနိုင်ခင် သန်းခေါင်စာရင်း ကောက်ယူရရှိရန် လိုသည်ဟု စစ်ကောင်စီက ပြောသည်။

သို့သော် ဆန္ဒပြမှုအဖြစ် လုပ်ငန်းခွင်သို့ ပြန်ရောက်မလာသည့် ထောင်ပေါင်းများစွာသော အစိုးရဝန်ထမ်းများ၊ ဆရာဝန်များနှင့် ဆရာ၊ ဆရာမများ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို စောင့်ကြည့်မှုအပေါ် တိုးမြှင့်လုပ်ဆောင်ရန် စစ်ကောင်စီက သန်းခေါင်စာရင်းကို အသုံးပြုလိမ့်မည်ဟု ဝေဖန်သူများက ပြောသည်။

စစ်ကောင်စီ လက်အောက် ကျင်းပမည့် မည်သည့် ရွေးကောက်ပွဲမဆိုသည် “အတုအယောင်” သာ ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောသည်။ တချိန်တည်းမှာပင် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို စစ်တပ်၏ အတိုက်အခံများက ပစ်မှတ်ထားလိမ့်မည်ဖြစ်ပြီး နောက်ထပ် သွေးထွက်သံယိုမှုတို့ကို ဖြစ်စေနိုင်သည်ဟု အကဲခတ်များက ပြောသည်။

China to help Myanmar junta introduce biometric ID cards
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly