ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သည့် SOG တပ်ဖွဲ့ ဗီဒီယိုဖိုင် ထုတ်ပြန်

By YT(မဇ္ဈိမ)
21 September 2023
ရေတလျောက် စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သည့် SOG တပ်ဖွဲ့ ဗီဒီယိုဖိုင် ထုတ်ပြန်

ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရေတလျောက်စစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗီဒီယိုဖိုင်အား တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် Special Operations Group (SOG) တပ်ဖွဲ့က ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်​၏ ရေတလျောက်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ပူးပေါင်းတပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အကြာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။

ရေတလျောက် စခန်းသိမ်းတိုက်ပွဲအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈) ၊ Special Operation Group(SOG)တပ်ဖွဲ့ ၊ ဧရာဝတီအင်အားစုတပ်စု ၊ Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

SOG မှ ထုတ်ပြန်လာသည့် စခန်းသိမ်းတိုက်ပွဲ ဗီဒီယိုဖိုင်သည် လေးမိနစ်နှင့် ၄၆ စက္ကန့်ကြာမြင့်ပြီး ရေတလျောက်စခန်း​၏ မြေပြင်အနေအထား၊ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်သား သေဆုံးမှုတို့ကို အရှင်းအလင်း ရိုက်ကူးထားကြောင်း တွေ့ရသည်။  

ရေတလျောက်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် စခန်းတခုဖြစ်ကြောင်း တောင်ပိုင်းတိုင်း J.O.C အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက စက်တင်ဘာလ ၁၅ ရက်နေ့က မဇ္ဈိမကိုပြောသည်။

" ဒီစခန်းက စကစ အတွက်က​တော့ အ​ရေးပါတဲ့ စခန်းဖြစ်တယ်၊ ဘာ​ကြောင့်လဲဆို​တော့ လှုပ်ရှားစစ်​ကြောင်း​တွေအတွက် ခဲယမ်းနဲ့ရိက္ခာ အရံ​တွေ ထားသလို ဒဏ်ရာရလူနာ​တွေ ရှိရင်လည်း ဒီမှာ တထောက်နားပြီးမှ အ​နောက်ကို ဆက်ပို့ရတာ​ကြောင့်ဖြစ်တယ် ။ နောက်တခုက နယ်စပ်နဲ့နီး​တော့ ကျ​နော်တို့ကို ပိတ်ဆို့ထားချင်တဲ့အ​နေနဲ့ တည်ရှိ​နေတာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် ကိုးဦးသေဆုံး၍ ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိကာ တပ်မဟာ (၆) KNLA  တော်လှန်ရေး ပူးပေါင်းတပ်ဖွဲဘက်တွင်လည်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် MA အမျိုးအစား သေနတ် စုစုပေါင်း ခြောက်လက်၊ RPG တလက်၊ ၆၀မမ ပြောင်းတိုနှစ်လက်၊ ပစ္စတိုနှစ်လက်၊ ငါးကြင်းမြီးစက်လတ် တလက်နှင့် RPG-7 ကျည် ၇၀လုံး၊ ၈၁ မမ ကျည် ၄၀ လုံး၊ ၆၀ မမ ကျည် ၁၁၀ လုံး၊ ၇၉ မမ ကျည် ၄၀ လုံး၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း သုံးလုံး၊ ဆက်သွယ်ရေးစက်ကြီး တလုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ၅.၅၆ ကျည် ၂,၈၀၀ တောင့်၊ ၇.၆၂ ကျည် ၈၀၀ တောင့်နှင့် Compass နှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly