ရခိုင်တွင် စစ်ကောင်စီက ဖုန်းဆိုင်လုပ်ငန်းရှင် တဦးကို ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်

By 001(မဇ္စျိမ)
21 September 2023
ရခိုင်တွင် စစ်ကောင်စီက ဖုန်းဆိုင်လုပ်ငန်းရှင် တဦးကို ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်
Photo - Sithu Aung Facebook

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင်အရွယ် ဖုန်းဆိုင်လုပ်ငန်းရှင် ဦးစည်သူအောင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ထားကြောင်း မြို့ခံများက မဇ္ဈိမကို အတည်ပြုသည်။

ဦးစည်သူအောင်ကို ၎င်း၏ နေအိမ်မှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မာန်အောင်မြို့ မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း အမည်မဖော်လိုသည့် မာန်အောင်မြို့ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

“သူကတော့ အပြင်မှာ သိသလောက်တော့ ဖုန်းဆိုင်ဖွင့်ထားတယ်ပေါ့နော်၊ ပြီးရင် wave ရော kpay ရော ငွေလွှဲ ငွေထုတ်လုပ်ငန်းတွေလုပ်တယ်၊ ၁၉ ရက်နေ့က ခေါ်သွားတာလို့ကြားတယ်။ ကျွန်တော်တို့ သိတာတော့ သူ့ကို ပုဒ်မ ၅၀၅ - က  နဲ့ဖမ်းသွားတာတော့ သိတယ်။ ဘယ် Case တွေဘာတွေတော့ အသေးစိတ်မသိဘူး” ဟု မြို့ခံအမျိုးသမီးက ပြောသည်။

ဦးစည်သူအောင်ဖမ်းဆီးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်း၏ ဆိုင်ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည့်အတွက် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသော ကြေးမုံသတင်းစာတွင်မူ ဦးစည်သူအောင်အနေဖြင့် စစ်ကောင်စီ၏ အသိပေးထုတ်ပြန်ချက်ကို မျက်ကွယ်ပြုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်၊ ဝါဒဖြန့်ခြင်း ဆောင်ရွက်ခဲ့ သည့်အတွက် ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း မာန်အောင်ကျွန်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း မာန်အောင်မြို့ခံများက ‌ပြောသည်။

“သက်ကြီးပိုင်းတွေကိုလည်း pdf နဲ့ ဆက်စပ်တာမျိုးရှိလားဆိုပြီး လာစစ်ဆေးမေးမြန်းတာမျိုး ရှိတယ်” ဟု မြို့ခံတဦးက ပြောသည်။

အာဏာသိမ်း စစ်ကောာင်စီသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များအပြင် စိတ်ကျန်းမာရေးချို့တဲ့သူကိုပါ ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီီးပြီး‌ ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်နေသည်။

စစ်တပ်အာဏာသိမ်းမှု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၈၁၇ ဦးရှိပြီး ယင်းအနက် ၁၉,၂၄၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly