ရန်ကုန်မြို့လယ် ဈေးတနေရာတွင် အသံချဲ့စက်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖွင့် ဆန္ဒပြ

By ဂန္ဒမာ(မဇ္ဈိမ)
21 September 2023
ရန်ကုန်မြို့လယ် ဈေးတနေရာတွင် အသံချဲ့စက်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းဖွင့် ဆန္ဒပြ
ရန်ကုန်မြို့လယ်ခေါင်ရှိ ဈေးတနေရာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က အသံချဲ့စက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသီချင်းဖွင့်ကာ ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတခုထံမှ သိရသည်။
 
"ကျွန်တော်တို့ရဲ့အဓိက ရည်ရွယ်ချက်က လူထုကြားထဲမှာ တော်လှန်ရေးသီချင်းကို ပျံ့နှံ့စေပြီး လှုံ့ဆော်တဲ့သဘောပါ၊ ပြည်သူတွေရဲ့ အားပေးသံတွေ၊ ပူးပေါင်းတဲ့အသံတွေကို ကြည့်ခြင်းအားဖြင့် ယခုအချိန်အထိ ကျွန်တော်တို့ပြည်သူတွေဟာ သွေးမအေးသေးဘူး၊ တော်လှန်စိတ်တွေ ရှိနေဆဲဆိုတာ ထင်ရှားပါတယ်။" ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ အိုမီက ပြောသည်။
 
မြို့ပြရန်ကုန်တွင် တော်လှန်သွေးမအေးကြောင်း ပြလိုသောအားဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကြားမှ မြေပြင်သပိတ်တိုက်ပွဲများ ဆင်နွှဲလျက်ရှိရာ လူထုချီတက်ဆန္ဒပြခြင်းနှင့် ယခုကဲ့သို့ တော်လှန်ရေးသီချင်းများဖွင့်ကာ လှုပ်ရှားမှုပြုလုပ်ရာတွင် ယခုနည်းလမ်းမှာ ပြည်သူနှင့် အနီးကပ်ရှိနေပြီးဆောင်ရွက်ရသဖြင့် ပြည်သူများ၏ တော်လှန်လိုစိတ်နှင့် စစ်ကောင်စီကို မကျေနပ်မှုများ အတိုင်းသားတွေ့မြင်ရကြောင်း ဆိုသည်။
 
ယမန်နေ့က လှုပ်ရှားမှုပြုလုပ်နေစဉ်အချိန်အတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိလာခြင်းမရှိသော်လည်း ပွဲအပြီး မိနစ် ၃၀ ခန့်အကြာတွင် လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ မြေပြင်ရဲဘော်တဦးက ပြောသည်။
 
ယခုလှုပ်ရှားမှုသည် ပြည်သူပါဝင်သည့် လှုပ်ရှားမှုတခုဖြစ်ပြီး တော်လှန်ရေးရဲဘော်များသည် ပြည်သူနှင့်အတူ မြို့ပြမှာ ရပ်တည်နေကာ စစ်ကောင်စီတပ်အား ယနေ့အချိန်အထိ တော်လှန်နေဆဲဖြစ်ကြောင်း ပြသလိုခြင်းဖြစ်ေကြာင်း သိရသည်။
 
ပြည်သူများအနေနှင့်လည်း အကြမ်းဖက်စစ်တပ်အားအထိနာစေသည့် စစ်တပ်ထုတ်ကုန်များကို Boycott လုပ်ရန် ပြင်းပြင်းထန်ထန်တိုက်တွန်းနှိုးဆော်ကာ ယခုလိုပိတ်မှောက်ခြင်းသည် ပြည်သူလုထု အန္တာရယ်မရှိဘဲ အကြမ်းဖက်စစ်တပ်အား ထိရောက်သည့် တော်လှန်နေခြင်းဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာက ပြောသည်။
 
စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly