မင်းကင်းမှ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာ၊ ကနီဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ရှောင်နေရ

By လွှမ်းမိုး(မဇ္ဈိမ)
21 September 2023
မင်းကင်းမှ စစ်ရေယာဉ်အုပ်စု ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းလာ၊ ကနီဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာ ရှောင်နေရ
ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကနီမြို့ဒေသခံများ  ဓာတ်ပုံ - လွှမ်းမိုး

ချင်းတွင်းမြစ်ကြောင်းအတိုင်း မင်းကင်းမြို့နယ်မှ စုန်ဆင်းလာသည့် စစ်ကောင်စီတပ် ရေယာဉ်များက မြစ်ကမ်းတလျှောက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ကနီမြို့နယ်မှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလပ်ရေယာဉ် (၁၁) စီးပါဝင်သော  စစ်ကောင်စီရေယာဉ်အုပ်စုသည် ကနီမြို့နယ်အတွင်းသို့ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေက ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကနီမြို့ဒေသခံများ  ဓာတ်ပုံ - လွှမ်းမိုး

“စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကြောင်း တလျှောက်ကို လက်နက်ကြီးတွေနဲ့  ရမ်းပစ်နေတဲ့ အသံတွေကြားနေရတာပါ။စစ်သင်္ဘောပေါ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဖူးတွေက နှစ်မိုင်ကျော်ကျော် လောက်ကို ကျရောက်ပေါက်ကွဲတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေက မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ဖြစ်တယ်” ဟု မြေပြင်သို့ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။

စစ်ကောင်စီတပ်ရေယာဉ်များကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းတလျှောက်ရှိ ညောင်ပင်ဝန်း ၊ ပန်းဆိုင်း၊ တဇယ်ချောင် ၊ မင်းကုန်း၊ ငါးဖျတ်၊ မုဌော၊ ချိုင်စသည့် ကျေးရွာများမှဒေသခံပြည်သူ များ  နေရပ်စွန့်ခွာထွက်‌ပြေးနေကြရကြောင်း သိရသည်။

ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကနီမြို့ဒေသခံများ  ဓာတ်ပုံ - လွှမ်းမိုး

"တချို့ကလည်းတောထဲ ၊ တချို့ကတော့ နီးစပ်ရာ ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတာ ဖြစ်ပါတယ်။ တောထဲ ရှောင်နေရတဲ့သူတွေက တော့ မိုးမလုံ၊လေမလုံဆိုတော့ အခက်အခဲ ရှိတယ်။ မိုးကာတွေတော့ တော်တော်လေး လိုအပ်နေတာ ဖြစ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ရှောင်အမျိုးသမီးတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ရေယာဉ်များသည် စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့မှ ပြီးခဲ့သည့် စက်တင်ဘာလဆန်းတွင် စုန်ဆင်းလာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၈ ရက်ညက မင်းကင်းမြို့နယ် ၊ မောက်ကတော်ကျေးရွာအနီး ညအိပ်ရပ်နားခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီခန့်တွင် ပြန်ထွက်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများလိုက်ပါလာသည့်ရေယာဉ်တစီး တိမ်းမှောက်ခဲ့သည်ဟု သိရသည်။ ထိုဖြစ်စဉ်တွင် လူ၁၀၀  ခန့် ပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ် အခြေစိုက်ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)က  သတင်းထုတ်ပြန်ထားသည်။

ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ကနီမြို့ဒေသခံများ  ဓာတ်ပုံ - လွှမ်းမိုး

နစ်မြုပ်သွားသည့် ရေယာဉ်ကို စစ်ကောင်စီက ကယ်ဆယ်ရေးနှင့် လုံခြုံရေးအဖွဲ့များဖြင့်ထားခဲ့ပြီး ကျန်ရေယာဉ်များက ဆက်လက်ထွက်ခွာလာခြင်းဟုသိရသည်။ ထိုရေယာဉ်များ၌ ခန္တီးဒေသထွက် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာပြီး ယနေ့နေ့လည်တွင် ယင်းမာပင်နှင့်  မုံရွာမြို့ဘက်သို့ စုန်ဆင်းနေကြောင်း  သိရသည်။ ကျောက်စိမ်းအရိုင်းတုံးများကို မန္တလေးမြို့အထိသယ်ဆောင်မည်ဟုသတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

 စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required