ဆေးခြောက်အသုံးပြုမှုကို တင်းကျပ်ရေး တွန်းအားပေးလုပ်ဆောင်ရန် ထိုင်းဥပဒေပြုအမတ်များ စီစဉ်

ဆေးခြောက်အသုံးပြုမှုကို တင်းကျပ်ရေး တွန်းအားပေးလုပ်ဆောင်ရန် ထိုင်းဥပဒေပြုအမတ်များ စီစဉ်
Photo-AFP

ထိုင်းနိုင်ငံ၏ ဥပဒေပြုအမတ်များသည် နိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာနှင့် သုတေသန ရည်ရွယ်ချက်များအတွက် အသုံးပြုမှုနှင့်ပတ်သက်၍ ဆက်စပ်လွှမ်းခြုံသော ဥပဒေတရပ်အတွက် တွန်းအားပေးမှုတို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အကြီးတန်း ဥပဒေပြုအမတ်တဦးက စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် တနှစ်ကျော်က ယင်းနိုင်ငံတွင် စည်းမျဉ်းစည်းကမ်းများ ကျကျနန မရှိဘဲ ဆေးခြောက်ကို တရားဝင်ဖြစ်စေခဲ့သည်။

ထိုင်းနိုင်ငံသည် ယမန်နှစ်က အရှေ့တောင်အာရှတွင် ဆေးဘက်ဆိုင်ရာ သုံးအဖြစ် ဆေးခြောက်ကို တရားဝင် ခွင့်ပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော် တိကျသည့် အစီအမံဆောင်ရွက်ချက်များ ရှိမနေခိုက် အထူးသဖြင့် ကလေးများအကြား ဆေးခြောက်ကို အဟန့်အတားမရှိ အသုံးပြုခြင်းတို့ မဖြစ်စေအောင် တားဆီးကာကွယ်ရန် အစိုးရဘက်က စည်းမျဉ်းများ တက်သုတ်ရိုက် ထုတ်ပြန်ခဲ့ရသည်။

ဖူးခက် အပန်းကျွန်း ကဲ့သို့ ခရီးသွား အချက်အချာနေရာများနှင့် မြို့တော် ဘန်ကောက်တို့တွင် ဆေးခြောက်ဆိုင်များ ပေါ်ပေါက်လာခဲ့ပြီး လာမည့်နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ တန်ကြေးရှိမည်ဟု ခန့်မှန်းရသည့် လုပ်ငန်းကို ဥပဒေသစ်က ရည်ရွယ်ပစ်မှတ်ထားလိမ့်မည် ဖြစ်သည်။

“ဆေးခြောက်ဟာ ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်တွေနဲ့ သုတေသန အတွက်ပဲ ဖြစ်ပါလိမ့်မယ်” ဟု Bhumjaithai ပါတီမှ ဥပဒေပြုအမတ် ဆရီပေါင် ကရူးကောင်းက ပြောသည်။ အဆိုပါ ပါတီသည် ဆေးခြောက်ကို တရားဝင်ဖြစ်စေခဲ့မှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ထိုင်း၏ ၁၁ ပါတီ ညွန့်ပေါင်းအစိုးရတွင် ဒုတိယအကြီးဆုံး ပါတီ ဖြစ်နေသည်။

“အပန်းဖြေ အသုံးပြုဖို့အတွက် မူဝါဒ မရှိပါဘူး” ဟု အဆိုပါ ဥပဒေပြုအမတ်က ပါလီမန်တွင် သတင်းထောက်များကို ပြောသည်။ ထိုကဲ့သို့သော အစီအမံများကို စဉ်းစားသုံးသပ်ခြင်း မရှိသေးဟု ၎င်းက ပြောသည်။

မလျော်မကန်ပြုမှုများကို ထိန်းချုပ်ရေးအတွက် အစိုးရက လက်ရှိတွင် အားကိုးလျက် ရှိသလို အများပြည်သူအကြား အသုံးပြုမှုကို ဆန့်ကျင်သည့် အစီအမံများ စုစည်းထားသော ဥပဒေကြမ်းက အပြီးသတ် အတည်ပြုပြဋ္ဌာန်းရန် အချိန် တနှစ်ယူရဖွယ် ရှိသည်။

ထို ဥပဒေကြမ်းတွင် ဆေးခြောက်ပင်များ စိုက်ပျိုးခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ခြင်းတို့အတွက် ခွင့်ပြုချက်များ လွှမ်းခြုံပါဝင်သလို ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် အပန်းဖြေဉယျာဉ်များ၌ ရောင်းချခြင်းများအပေါ် တားဆီးသည့် တင်းကျပ်သည့် အစီအမံများလည်း ပါဝင်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ၎င်းအနေဖြင့် ဆေးခြောက် အပန်းဖြေ အသုံးပြုမှုကို သဘောမတူကြောင်းနှင့် ဆေးဘက်ဆိုင်ရာအတွက် အသုံးပြုခြင်းကိုသာ ထောက်ခံကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required