NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင် ကွယ်လွန်

By ဂျူချန်း(မဇ္ဈိမ)
21 September 2023
NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင် ကွယ်လွန်
နိုင်သက်လွင် (ပုံဟောင်း)

အရပ်သားအစိုးရ NLD လက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင်(ခ) နာဲသိုက်လောန် သည် ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကန်သာယာဆေးရုံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နိုင်သက်လွင်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သက်လွင် ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ် ရှိပြီဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၎င်းရုပ်အလောင်းကို ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ သယ်ဆောင်ကာ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်သွားမည်ဖြစ်ပြီး မွန်နိုင်ရေးအသိုင်းအဝိုင်းတွင် နိုင်သက်လွင်ကွယ်လွန်မှုကြောင့် ဝမ်းနည်းစိတ်မကောင်းမှုဖြစ်ရကြောင်း သိရသည်။

“ကျနော်ကတော့ ဥက္ကဋ္ဌပဲ ခေါ်နေကျ၊ ရန်ကုန်မှာဆုံးတာ။ ဒီနေ့ မော်လမြိုင်ရောက်မယ်။ ကိုယ်နှုတ်အပြုအမူ အပြောအဆို ကြမ်းတဲ့ ကျနော်တို့အပေါ် အမြဲတမ်းအပြစ်မမြင်တတ်တဲ့ ဥက္ကဋ္ဌကြီး ကောင်းရာဘုံဘဝ ရောက်ပါစေ” ဟု နိုင်သက်လွင်နှင့် နီးစပ်သူတဦးက ပြောသည်။

နိုင်သက်လွင်သည် အသက် ၁၈ နှစ်အရွယ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် မွန်ရိုးရာဝတ်စုံ ပြန်လည်ဖော်ထုတ်ရေး ကော်မတီ၌ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF) စတင်တည်ထောင်ချိန်၌ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၀ တွင် အလုပ်အမှုဆောင်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ (MDP) တွင် ဒုဥက္ကဋ္ဌအဖြစ်အလည်းကောင်း၊၂၀၁၄ ခုနှစ်၌ မွန်ပါတီနှစ်ခု ပူးပေါင်းကာ မွန်အမျိုးသားပါတီ(MNP) အဖြစ် အမည်ပြောင်းလဲခဲ့ရာတွင်လည်း ပါတီ ဒုဥက္ကဋ္ဌ(၁) အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် သမ္မတ ဦးထင်ကျော် မှ နိုင်သက်လွင်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အဆိုတင်သွင်းခဲ့ပြီး မွန်အမျိုးသားပါတီမှ အနားယူကာ တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်သက်လွင်သည် ၂၀၁၆ ခုနှစ် မတ်လ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကရင်ပြည်သူ့ပါတီမှ စစ်ကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သူ စောထွန်းအောင်မြင့်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်မှ တာဝန်ပေးခဲ့သည်။

နိုင်သက်လွင်သည် မော်လမြိုင် ဘီလူးကျွန်း (ချောင်းဆုံ) တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပြောင်းရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည့် NLD ပါတီ မှ အနိုင်ရ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း၏ ဖခင်ဖြစ်သည်။ လက်ရှိတွင် ၎င်း၏ သားသမီး လေးဦးအနက် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် မိကွန်ချမ်း နှင့် မင်းဗညားစန်း တို့သည် စစ်အာဏာရှင်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly