စစ်ကောင်စီက မြေရှားသတ္ထုလုပ်ကွက်များကို စစ်ဆေးမည်ဆို၍ လုပ်ကွက်များအားလုံး ယာယီပိတ်သိမ်း

By အဂမ်(မဇ္ဈိမ)
20 September 2023
စစ်ကောင်စီက မြေရှားသတ္ထုလုပ်ကွက်များကို စစ်ဆေးမည်ဆို၍ လုပ်ကွက်များအားလုံး ယာယီပိတ်သိမ်း
ပုံညွှန်း - မြေရှားသတ္ထုလုပ်ကွက်ပုံ (ဓာတ်ပုံ- CJ)

မြေရှားသတ္တုတူးဖော်နေမှုများကို စစ်ကောင်စီက လာရောက်စစ်ဆေးမည်ဆို၍  ထိုလုပ်ငန်းခွင်များအားလုံးကို ယာယီပိတ်သိမ်းထားကြောင်း  သတ္တုလုပ်ကွက် လုပ်သားများထံက သိရသည်။

နေပြည်တော်မှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လာရောက်စစ်ဆေးမည်ဆိုသည့် သတင်းကြောင့် စက်တင်ဘာ လဆန်းပိုင်းတွင်  သတ္တုလုပ်ကွက်များ စတင်ပိတ်သိမ်းနေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းခွင်အားလုံးပိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။  

ထိုသတ္တုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ဦးရေ ၅၀၀ ဝန်းကျင်သည် နေရပ်ပြန်သွားပြီဖြစ်ကြောင်း  ပန်ဝါဒေသအုပ်ချုပ်ရေးရုံး၏  အချက်အလက်အရ သိရသည်။

အမည်မဖော်လိုသည့် သတ္ထုလုပ်ကွက်လုပ်သားတစ်ဦးက " တရုတ်လောပန်တွေနဲ့ မန်နေဂျာတွေ အကုန်လုံး ပြန်သွားပြီလေ။ အပြီးပြန်သွားတာတော့ မဟုတ်ဘူး။ စစ်ဆေးရေးအဖွဲ့လာမယ်ဆိုလို့ စကားပြောစရာတွေ မရှိစေချင်လို့ ခဏရှောင်တဲ့သဘောပါ။ သူတို့ ပြန်လာဦးမှာပါ။ လုပ်ကွက်မှာ ထည့်ထားတဲ့ သူတို့ရဲ့ ပိုက်ဆံတွေ ပြန်လာယူရဦးမှာလေ" ဟု ပြောသည်။

NDA - K ခေါ်  ဦးဇခုန်တန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ရာ ကချင်အထူးဒေသ (၁)နယ်မြေသို့ စစ်ကောင်စီ၏ နေပြည်တော်မှစစ်ဆေးရေးအဖွဲ့များသည်  သတ္တုလုပ်ငန်းခွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနှင့် တရုတ်နိုင်ငံသား မှောင်ခိုလုပ်သားများ မည်မျှဝင်ရောက် လုပ်ကိုင်နေသည်ကို စစ်ဆေးရန် လာရောက်မည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ကြောင်း သတ္တုလုပ်ငန်းခွင် လုပ်သားများကဆိုသည်။  ထိုသတင်းနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ထိုသို့ သတင်းထွက်ပေါ်ခြင်းသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများသည်လည်း  လုပ်ငန်းပြန်စမည့်အချိန်ကို ပန်ဝါမြို့တွင် စောင့်ဆိုင်းနေကြကြောင်း သိရသည်။ သို့သော် တည်းခို၊ စားသောက်စရိတ် ကြီးမြင့်၍ နေရပ်ပြန်သွားကြသူများလည်းရှိကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အတည်ပြုထားသည်။  

လုပ်သားအချို့မှာ လုပ်ခလစာမရသေးဘဲ လုပ်ငန်းခွင်ပြန်စချိန်တွင် ထိုကျန်ရှိ လစာများ ရရှိရန်  မသေချာကြောင်း လုပ်သားတဦးက ပြောသည်။
မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား ဦးရေမှာ ၁၀၀,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်တွင်း သုတေသန အဖွဲ့ တခုဖြစ်သည့် TANKS ၏ စာရင်းအချက်အလက်အရ သိရသည်။

မြေရှားသတ္တု တူးဖော်နေသည့် ဒေသတွင်  သဘာဝဂေဟစနစ်ပျက်စီးနေပြီး တောရိုင်းတိရစ္ဆာန်များ စားကျက်မြေ ပြောင်းရွေ့သွားကြောင်း ၊  မြစ်ချောင်းအင်းအိုင်များနှင့်  ရေဝေ၊ ရေလဲဒေသများပျက်စီးလာနေသည့် အပြင်  သတ္ထုတူးဖော်ရာတွင် သုံးသည့် ဓာတုဆေးဝါးများနှင့် ထိတွေ့မှုကြောင့် အလုပ်သမားများ၏  ကျန်းမာရေးများ ဆိုးရွာလာနေပြီး ကြောင်း သုတေသန စာတမ်းများအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly