ရွှေကူမြို့၌ စစ်သင်္ဘောများ ဆိုက်ကပ်ထားဆဲဖြစ်

By ကချင်လေး(မဇ္ဈိမ)
20 September 2023
ရွှေကူမြို့၌ စစ်သင်္ဘောများ ဆိုက်ကပ်ထားဆဲဖြစ်

စစ်ကောင်စီတပ်၏ လက်နက်နှင့် ရိက္ခာတင် သင်္ဘောများ ကချင်ပြည်နယ် ရွှေကူမြို့တွင် ဆိုက်ကပ်ထားဆဲ ဖြစ်ကြောင်း ရွှေကူဒေသခံတွေထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ စစ်သင်္ဘော ခြောက်စီးမှာ ရွှေကူမြို့သို့ ယမန်နေ့ညက ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက ယနေ့ နေ့လယ်ပိုင်းထိ ရွှေကူသင်္ဘောဆိပ်ဘက်သို့ အရပ်သားများ သွားလာခွင့်ကိုပိတ်ထားကာ မြစ်ကမ်းဘေးတလျှောက် ကင်းပုန်းဝပ်တာတွေလည်းရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံ တဦးက ယခုလိုဆိုသည်။

" ခုထိတော့ ရွှေကူဆိပ်ကမ်းမှာပဲ ရှိသေးတယ်။ သူတို့ ဘယ်လိုဆက်လုပ်သွားကြမလဲတော့ မသိဘူး။ ခုထိတော့ မော်တော်တွေလည်း မီးရှို့ဖျက်ဆီးပစ်လိုက်တယ်လို့တော့ သိထားကြတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်သင်္ဘောတွေတက်မည့် ဧရာဝတီမြစ်မြစ်ကြောင်းတလျှောက်ရှိ ရွှေကူမြို့နှင့် နယ်နမိတ်ချင်းထိစပ်နေသော ဗန်းမော်မြလယ်ကျွန်းမှာ စစ်ကောင်စီတပ်များက အရပ်သားများ၏ ရွှေမော်တော်များကို ဖမ်းဆီးမီးရှို့တာမျိုး ပုံမှန်ပြုလုပ်နေပေမယ့် ရွှေကူမှာတော့ စက်လှေ၊ ရွှေမော်တော်တွေကို မီးရှို့ဖျက်ဆီးပစ်တာက ပထမဆုံးဖြစ်တယ်လို့ ရွှေကူဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်များက ရွှေကူမြို့ အမှတ် (၂) ရွာသစ်နယ်မြေ ဧရာဝတီမြစ်ကမ်းဘေးတွင် ကပ်ထားသော ရွှေမော်တော်များနှင့် ဒေသခံများ၏ စက်လှေ စုစုပေါင်း အစီး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး၊ ထိုအထဲက ထက်ဝက်ခန့်သည် စစ်ကိုင်းတိုင်း စဥ့်ကူးမြို့နယ်နှင့်စဥ့်ကိုင်နယ်ထဲကဖြစ်ပြီး နေအိမ်မီးရှို့ခံရမှုနှင့် စစ်ဘေးကြောင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်သို့ ရွေ့ပြောင်းလာကြကာ စက်လှေများပေါ်တွင် နေထိုင်ကြသူများဖြစ်သည်ဟု သတင်းရင်းမြစ်က ယခုလိုဆက်ပြောပြသည်။

“သူတို့ထဲမှာ အများစုကတော့ နေ့စားဘာညာလိုက်ပြီးနေကြတာ။ တချို့လည်း မြစ်လယ်ရွှေလုပ်တဲ့နေရာမှာ အစုစားလုပ်ပြီးနေကြတာပေါ့။ အခုစက်လှေတွေ ဖျက်ဆီးခံလိုက်ရသူတွေက ရွှေကူမြို့ပေါ်က အမှတ် (၁) နဲ့ (၂) ရပ်ကွက်ထဲမှာ ရှိနေကြတယ်။ အဆင်ပြေတဲ့နေရာတွေမှာ ခိုလှုံနေကြတဲ့သဘော။ ဘုန်းကြီးကျောင်းထဲမှာကျတော့လည်း စစ်သားတွေရှိနေပြန်တယ် ”ဟု ရွှေကူဒေသခံအမျိုးသားက ဆက်ပြောသည်။

ရွှေကူမြို့မရောက်ခင် စစ်ကောင်စီတပ်၏ သင်္ဘောများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များက ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ရွှေကူဆပ်ကမ်းသို့ ဝင်ရောက်လာချိန် ပစ်ခတ်မှု ပြုလုပ်ခြင်းမရှိဟု ဒေသခံများက အခိုင်အမာဆိုသည်။

၎င်းစစ်သင်္ဘောများပေါ်တွင် စစ်သားများသာမက စစ်လက်နက်ခဲယမ်းများနှင့် ရိက္ခာများအပြင်  တင့်ကားတစီးပါ တင်ဆောင်လာခဲ့ကြောင်း ဆိုသော်လည်း အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

Video - သြဂုတ်လ ၁၆ ရက်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်တပ်၏ သင်္ဘောကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်အဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly