တပ်မ(၄၄)လက်အောက်ခံတပ်မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNUထံ ပူးပေါင်း

တပ်မ(၄၄)လက်အောက်ခံတပ်မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNUထံ ပူးပေါင်း
လက်နက်ဖြင့် လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သား  Photo-KNU

ကရင်ပြည်နယ်၊ ဝေါ်လေမြို့အခြေစိုက် တပ်မ (၄၄) လက်အောက်ခံတပ်မှ စစ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်သည်။

တပ်မ(၄၄)လက်အောက်ခံ ခမရ(၅၅၆) မှ တပ်ရင်းမှူး ဝင်းနောင်ထွန်းနှင့် ဒုတပ်ရင်းမှူး သက်စိုးဦးဆောင်သော လှုပ်ရှားစစ်‌ကြောင်းမှ စစ်သားနှစ်ဦးသည်  စက်တင်ဘာလ ၆ ရက်တွင် KNUထံ လာရောက် ပူးပေါင်းခြင်းဟု သိရသည်။

၎င်းတို့နှစ်ဦးအနက် တဦးသည်  MA-1 သေနတ်တလက်၊ကျည်ဘောက်လေးခု၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့်နှင့် အီကွေးမင့်တစုံ ယူဆောင်နိုင်ခဲ့သော်လည်း တဦးမှာကိုယ်လွတ်ရုန်းထွက်လာရခြင်း ဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။

အဆိုပါ စစ်သားနှစ်ဦးသည်  တပ်တွင်းအထက်အရာရှိကြီးများ၏ မတရားဖိနှိပ်အုပ်ချုပ်မှုအား မနှစ်သက်သဖြင့် ရုန်းထွက်လာခြင်းဖြစ်ပြီး  စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းသွားမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်အသိပေးထားသည်။

စစ်ကောင်စီတပ်သား ယူဆောင်လာသည့် လက်နက်ခဲယမ်းများ  Photo - KNU 9m

စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို တပ်အား စွန့်ခွာပြီး ပြည်သူလူထု ရင်ခွင်သို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာပါက နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေပြီး ရှေ့ဆက်ဘဝရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဟု KNU က ထုတ်ပြန်ထားသည်။
အထက်ပါ စစ်သားနှစ်ဦးကိုလည်း  ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)မှ ထိုင်းဘတ်ငွေ ၅၀,၀၀၀( မြန်မာငွေ ကျပ်သိန်း ၅၀ ခန့်) ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

စက်တင်ဘာ ၈ရက်ကလည်း စစ်ကောင်စီခြေမြန်တပ်ရင်း(၉)မှ တပ်သားတဦးသည် စနိုက်ပါတလက် ယူဆောင်လာပြီး KNUထံ ပူးပေါင်းလာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လနှင့် လက်ရှိ စက်တင်ဘာအတွင်း KNU ထံ လာရောက်ပူးပေါင်းသည့်စစ်ကောင်စီတပ်သား ခုနစ်ဦးရှိပြီဟု KNU ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly