မြန်မာစစ်တပ်ကို ဆိုနာစနစ် ရောင်းချမှုအတွက် စင်ကာပူနိုင်ငံသားနှစ်ဦး ဒဏ်ငွေချမှတ်ခံရ

By မဇ္ဈိမ 
20 September 2023
မြန်မာစစ်တပ်ကို ဆိုနာစနစ် ရောင်းချမှုအတွက် စင်ကာပူနိုင်ငံသားနှစ်ဦး ဒဏ်ငွေချမှတ်ခံရ

မြန်မာစစ်တပ်ကို ဆိုနာ အသံလှိုင်းသုံးရှာဖွေရေးစနစ်တစ်ခုနဲ့ စစ်တမ်းကောက်ယူရေး ဒရုန်းတွေ တရားမဝင်ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကို ဒဏ်ငွေတွေပေးဆောင်ဖို့ စင်ကာပူတရားရုံးက စက်တင်ဘာ ၁၉ ရက်နေ့က အမိန့်ချလိုက်ပါတယ်။
စင်္ကာပူအခြေစိုက် Hydronav ကုမ္ပဏီနဲ့ အဲဒီအချိန်က ဝန်ထမ်းတွေဖြစ်ခဲ့တဲ့ Poiter Agus Kentjana နဲ့ Wui Ong Chuan တို့ ၂ ဦးဟာ ခွင့်ပြုချက်မရှိဘဲ မြန်မာပြည်ကို တင်ပို့ခဲ့ကြောင်း ပြီးခဲ့တဲ့ လကုန်ပိုင်းက ဝန်ခံခဲ့ကြပါတယ်။ စင်္ကာပူရဲ့ ဥပဒေအရ မဟာဗျုဟာမြောက် ကုန်ပစ္စည်းတွေကို တင်ပို့ခွင့်တွေကို ကန့်သတ်ထားတာပါ။
"ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာပစ္စည်းတွေ ခွင့်ပြုချက်မရှိဘဲ ရောင်းချမှု" နဲ့ စင်ကာပူအခြေစိုက် Hydronav ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်နဲ့ညီမျှတဲ့ စင်ကာပူဒေါ်လာ ၁.၁၃ သန်းပေးဆောင်ဖို့ ဒဏ်ချမှတ်ခဲ့တာပါ။
ကုမ္ပဏီရဲ့ ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၀ ရှိပြီဖြစ်တဲ့ Wui Ong Chuan ကို အမေရိကန်ဒေါ်လာ ၃၃၀၀၀ နဲ့ ညီမျှတဲ့ စင်္ကာပူဒေါ်လာ ၄၅၀၀၀ နဲ့ အရောင်းမန်နေဂျာ Poiter Agus Kentjana ကို စင်္ကာပူဒေါ်လာ ၃၅၀၀၀ စီ အသီးသီး ဒဏ်ငွေချမှတ်လိုက်တာပါ။
Hydronav ကုမ္ပဏီဟာ နော်ဝေကုမ္ပဏီတစ်ခုကထုတ်တဲ့ ဆိုနာစနစ်ကို ဝယ်ယူပြီး Myanmar Entity Light of Universe ဆိုတဲ့ မြန်မာကုမ္ပဏီကနေတစ်ဆင့် မြန်မာရေတပ်ကို အမေရိကန်ဒေါ်လာ ၁.၅၈ သန်းနဲ့ ၂၀၁၈ခုနှစ်မှာ ပြန်ရောင်းခဲ့တာဖြစ်ပါတယ်။
နော်ဝေးနိုင်ငံအခြေစိုက် Kongsberg ကုမ္ပဏီကထုတ်တဲ့ အသံလှိုင်းကတဆင့် ပင်လယ်ရေအောက်မြေပုံ ဆွဲတဲ့နေရာမှာ အသုံးချတဲ့ ပစ္စည်းတွေကို အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိမ်လည် ဝယ်ယူပြီး မြန်မာပြည်ကို တင်ပို့ ရောင်းချခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့တာပါ။
ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ပေးပို့ခဲ့တာဖြစ်ပြီး၊ ၂ နှစ်အကြာမှာ Hydronav ကုမ္ပဏီရုံးကို စင်္ကာပူအာဏာပိုင်တွေက ဝင်ရောက် စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာနည်းပညာပစ္စည်းတွေ အပါအဝင် မဟာဗျူဟာကျတဲ့ ကုန်ပစ္စည်းတွေ တင်ပို့တာကို ထိန်းချုပ်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လက်နက်ပစ္စည်းရောင်းချတာမရှိဘူးလို့ စင်ကာပူအစိုးရက ပြောကြားထားပေမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံအရာရှိ တွမ်အင်ဒရူး (Tom Andrews)ရဲ့ ဒီနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ စင်ကာပူနိုင်ငံကတဆင့် လက်နက်ဝယ်ယူတာ တတိယအများဆုံးဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly