ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ စုပေါင်းတောင်းဆို

By မဇ္ဈိမ 
20 September 2023
ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ စုပေါင်းတောင်းဆို

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြင်ပဆရာဝန်နဲ့ ချက်ချင်းဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ် အယောက် ၁၃ဝ ကျော်ကတောင်းဆိုလိုက်ပါတယ်။
မလေးရှားလွှတ်တော်ထဲ အမတ် ၂၂၂ ဦးရှိတဲ့ထဲက အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ဖက်လုံးက လွှတ်တော်အမတ် ၁၃၅ ဦး စုပေါင်းလက်မှတ်ထိုးပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။
အာဆီယံအသိုင်းအဝိုင်းက လွှတ်တော်အမတ်တွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်သင့်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ် အဲရစ်ကလည်း ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်နေပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ခံထားရတဲ့အပေါ် ပူပန်နေတဲ့အကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးနာဝေဒနာ ခံစားနေရပြီး မူးဝေ ပျို့အန်ခဲ့တယ်လို့ အခုစက်တင်ဘာလဆန်းပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့အာဏာဆက်လက်တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည်ကို လှို့ဝှက်နေရာမှာ ထိန်းသိမ်းထားပြီး နိုင်ငံရေးအကျဉ်းသားတွေ ရသင့်တဲ့ အခွင့်အရေးတခုမှ မပေးဘူးလို့  စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ NLD ကကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အကျဉ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ ဆေးကုသမှု မပေးဘူးလို့ NLD ပါတီက ပြောကြားထားပါတယ်။
အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ မကျွေးသလို၊ သင့်တော်တဲ့နေရာမှာလည်း မထားတာကိုထောက်ပြပြီး သူ့အသက်အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေယိုယွင်းနေရုံမက၊ သူ့အသက်ကိုပါ စိုးရိမ်နေစရာဖြစ်နေတဲ့အပေါ် စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ NLD ပါတီက ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ပြည်တွင်း ပြည်ပက တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်ရှိကြိုးပမ်းနေတာထက် ပိုပြီး ပြင်းထန်တဲ့တွန်းအားပေးမှုတွေလုပ်ကြပါလို့ NLD ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly