အာဆီယံအဖွဲ့ဝင်နိုင်ငံများသာ ပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်

By မဇ္ဈိမ 
20 September 2023
အာဆီယံအဖွဲ့ဝင်နိုင်ငံများသာ ပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ စစ်တပ်တွေရဲ့ ပထမဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့ပြီး အာဆီယံက မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို ပိတ်ပင်ထားပေမယ့် မြန်မာမှ ကိုယ်စားလှယ်တဦး ပါဝင်ခဲ့ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်၊ တရုတ် အပါအဝင် အခြားနိုင်ငံများနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်မယ့် စစ်ရေးလေ့ကျင့်ခန်းကိုလုပ်ဆောင်ခဲ့ခြင်းမျိုးမရှိကြောင်း သိရပါတယ်။
ယခုတကြိမ်ကတော့ အဖွဲ့ဝင်နိုင်ငံများသာ ပူးတွဲပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေရဲ့ အခုတစ်ကြိမ်ပြုလုပ်မယ့် လေ့ကျင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာများနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်နေတဲ့ အငြင်းပွားမှုစတဲ့ ဒေသတွင်းပြဿနာကြီးများ ဖြစ်ပွားနေချိန်လည်း ဖြစ်ပါတယ်
အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာကိုယ်စားလှယ် ပါဝင်ခွင့်ပြုခဲ့ပေမဲ့ ဘယ်အတိုင်းအတာအထိ ပါဝင်ခွင့် ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ငါးရက်ကြာကျင်းပမယ့်စစ်ရေးလေ့ကျင့်ပွဲမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံက တပ်တွေပါဝင်ဖို့ရှိတယ်လို့ အင်ဒိုနီးရှားက ထုတ်ဖော်ပြောဆိုပေမယ့် အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ နောက်ပိုင်းမှာ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက မြန်မာနိုင်ငံကို လေ့လာသူအနေနဲ့ပဲ ပါဝင်ခွင့်ပြုမှာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။
ယခု စစ်ရေးလေ့ကျင့်မှုတွေဟာ တိုက်ခိုက်ရေးလေ့ကျင့်မှုများ မဟုတ်ဘဲ အဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့တွေဟာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် ကူညီရေး၊ ကယ်ဆယ်ရေးနှင့် ပူးတွဲရေကြောင်း ကင်းလှည့်ခြင်း စတဲ့ နယ်ပယ်တွေမှာ လေ့ကျင့်ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာတာကို တုံ့ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှု မဟုတ်ဘူးလို့လည်း အင်ဒိုနီးရှားက ပြောပါတယ်။
အကျပ်အတည်း ကျရောက်နေတဲ့ မြန်မာနိုင်ငံဟာ ဘန်တမ်ကျွန်းမှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု အခမ်းအနားမှာ စစ်သံမှူးတဦးကို ကိုယ်စားပြု တက်ရောက်စေခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားကာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ အဖွဲ့ရဲ့ အားထုတ်မှုတွေဟာလည်း ယခုအချိန်အထိ အရာမရောက်သေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly