နိုင်ငံရေး အကျဉ်းသား အသစ်များ ထပ်ပေါ်ပေါက်ခြင်း မရှိစေရန်

နိုင်ငံရေး အကျဉ်းသား အသစ်များ ထပ်ပေါ်ပေါက်ခြင်း မရှိစေရန်
ချောင်းဦးမြို့နယ် စာပေဟောပြောပွဲတစ်ခုတွင် ဘာသာသာသနာ အားစော်ကားပြောဆိုသည်ဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် စာရေးဆရာ ဦးထင်လင်းဦး ဧပြီ ၁၇ရက် နှစ်ဆန်း ၁ရက်က လွတ်ငြိမ်းခွင့်ဖြင့် မုံရွာအကျဉ်းထောင်မှ ပြန်လွတ်လာစဉ်။ 

မင်္ဂလာ နှစ်သစ်ကူးနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် မင်္ဂလာ သတင်းတခု ဆောင်ကျဉ်း လာခဲ့သည်မှာ မင်္ဂလာရှိလှပေသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်သူလူထု စိတ်ဝမ်းအေးချမ်းရေးကို ဦးတည်၍ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသည့် အကျဉ်းသား (၈၃) ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းသည် မြန်မာပြည်သူလူထု စိတ်ဝမ်း အေးချမ်းရေးကိုသာမက ကမ္ဘာပြည်သူလူထုက တောင်းဆိုနေသည့်ှ ဆန္ဒကိုပါ ဖြည့်ဆည်းလိုက်ခြင်းဖြစ်သည်။

ပြည်သူလူထု၏ ရွေးချယ်မှုဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ် အာဏာလွဲှပြောင်းယူခဲ့သည့် အချိန်မှစ၍ “ပြောင်းလဲချိန် တန်ပြီ” ဆိုသည့် ကြွေးကြော်သံအတိုင်း မည်သည့်ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဆိုသည်ကို မြန်မာပြည်သူများကရော၊ နိုင်ငံတကာကပါ အထူး အာရုံစိုက် စောင့်ကြည့်ခဲ့သည်။ 

အစိုးရသစ် ပထမဦးဆုံး လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်မှာ မတရားစွဲချက်များဖြင့် အမှုရင်ဆိုင်နေရသော ကျောင်းသူ ကျောင်းသားများ အပါဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအပေါ် စွဲဆိုထားသည့် အမှုများကို ပယ်ဖျက်ပေးခြင်းဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြိုဆိုမှုများ၊ မြန်မာပြည်သူများ၏ ကြည်နူး ဝမ်းမြောက်မှုများကို ထိုလုပ်ဆောင်ချက်က ရယူနိုင်ခဲ့သည်။ ယခုတဖန် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးခြင်းကြောင့် အစိုးရသစ်အပေါ် ချီးကျူးသံများ ညံခဲ့စေပြန်သည်။

နိုင်ငံရေး အကျဉ်းသားများ အရေးသည် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေး ကောင်စီအပါအဝင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပေါ်လစီရေးရာ ဆွေးနွေးပွဲများတိုင်းတွင် မပါမဖြစ် ဆွေးနွေးခဲ့ကြရသော အရေးကြီးသည့် အကြောင်းအရာ တရပ်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၁၆ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် နိုင်ငံပေါင်းများစွာက တင်ပြတောင်းဆိုသည့် အဓိက တောင်းဆိုချက်များထဲတွင် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ်ပေးရန် ပါဝင်သည်။

မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးမောင်ဝေက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း၊ တည်ဆဲဥပဒေများကို ချိုးဖောက်သူများသာ ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် နိုင်ငံတကာ၏ တောင်းဆိုချက်ကို လက်မခံနိုင်ကြောင်း လူသိရှင်ကြား ပြောဆိုခဲ့သည်။ ထိုပြောဆိုချက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုကိစ္စကို နောက်အစိုးရသစ်က ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုသည့် စိတ်ဝင်စားမှု ပိုလာခဲ့သည်။

ယခုလို နိုင်ငံရေးအမှုဖြင့် တရားရင်ဆိုင် နေရသူများကိုအမှုများမှ ရုပ်သိမ်းပေးခြင်းနှင့် နိုင်ငံရေးနှင့် ပတ်သက်၍ အကျဉ်းကျ နေသူများကို ပြန်လွှတ်ပေးခြင်းသည် အစိုးရသစ်အနေဖြင့် ပြည်သူတို့၏ ဆန္ဒများစွာထဲမှ အရေးပါသည့် တခုကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာကိုလဲ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်အတွက် အာသီသရှိကြောင်း သက်သေထူလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ အရေးကို စောင့်ကြည့်လေ့လာသူတချို့က တိုင်းရင်းသားဒေသများတွင် မတရား ပုဒ်မများဖြင့် ဖမ်းဆီးထားခံနေရသည့် တိုင်းရင်းသား အကျဉ်းသားများ ရှိနေဆဲဖြစ်ကြောင်း ထောက်ပြကြသည်။ ထိုအချက်သည်လည်း အစိုးရသစ်အနေဖြင့် သတိထား ဆောင်ရွက်ရမည့် ကိစ္စရပ်တခုဖြစ်နေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိစေရဆိုသည့် စကားအတိုင်း ယုံကြည်ချက်ကြောင့် မတရားသည့် ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားခံရသော သူများအားလုံး လွတ်မြောက်ရေးကို အစိုးရသစ်အနေဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ယုံကြည်မိသည်။

နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခြင်းကြောင့် ၎င်းတို့အနေဖြင့် တိုင်းပြည်အသွင် ကူးပြောင်းရေးကာလနှင့် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးလုပ်ငန်းများတွင် ကျရာတာဝန်မှ ပါဝင် ထမ်းဆောင်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

ထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာပါက ဆက်လက် လုပ်ဆောင်သင့်သည့် နောက်ထပ်တာဝန်မှာ နိုင်ငံရေးအကျဉ်းသား သစ်များကို ထောင်ထဲသို့ တွန်းပို့နေသော ဥပဒေများကို ဖယ်ရှားရေးဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများဖြစ်သွားအောင် အချိန်မရွေး လုပ်ဆောင်နိုင်သော ဖိနှိပ်သည့် ဥပဒေများ ရှိနေသမျှကာလပတ်လုံး နောက်ထပ်နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ပေါ်ပေါက်နေမှာဖြစ်သည်။ ထို့ကြောင့် နိုင်ငံသူနိုင်ငံသားတိုင်း အကြောက်တရား ကင်းကင်းဖြင့် လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရန်နှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ခြိမ်းခြောက်မှုကင်းကင်းဖြင့် နိုင်ငံရေး လုပ်ဆောင်နိုင်ရန်တို့အတွက် တည်ရှိနေဆဲဖြစ်သော မတရားသည့် ဥပဒေများကို အမြန်ဆုံးဖျက်သိမ်း၍ တရားဥပဒေ စိုးမိုးမှုကို ဆောင်ကြဉ်းပေးရန် တိုက်တွန်းအပ်ပါသည်။

 

ဆောင်းပါးရှင် အောင်မျိုးမင်းသည် ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာဖြစ်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags