ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့၊ ထောက်ကြံ့ကွင်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အင်္ကျီ ဝတ်လေ့ရှိသည့် ဆိုက်ကားနင်းသူ ဦးပျော့(ခေါ် )ဦးသာနုအား စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်ဟု မိသားစုနှင့်နီးစပ်သူတဦးမှ ပြောသည်။
မင်းလှမြို့တရားရုံးမှ စက်တင်ဘာ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး သာယာဝတီထောင်သို့ပို့ဆောင်သွားမည်ဟု ကြားသိရကြောင်း မိသားစုနှင့်နီးစပ်သူကပြောသည်။
ဦးပျော့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက နာရေးတခုမှပြန်လာစဉ် လမ်းတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်က ပိတ်ဆို့ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရသည်။
ထို့နောက် ကြို့ပင်ကောက်ရဲစခန်းရှိ စစ်ကြောရေးသို့ခေါ်ဆောင်သွားကြောင်း ဩဂုတ်လ ၂၁ ရက်နေ့တွင်မူ မင်းလှမြို့ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာကာ ချုပ်နှောင်ထားခဲ့ကြောင်းသိရသည်။
ဦးပျော့အားဖမ်းဆီးရသည့်အကြောင်းအရင်းမှာ ၎င်းသည် NLD တံဆိပ်ပါ အင်္ကျီကို နေ့စဉ်ဝတ်ဆင့်လေ့ရှိသောကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ကြပြီး ဦးပျော့သည် စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ဦးပျော့ ဖမ်းဆီးခံရပြီးနောက် ကျန်ရစ်ခဲ့သည့် ဇနီးဖြစ်သူ ဒေါ်သိန်းငွေသည်လည်း ဩဂုတ်လ ၂၇ ရက်နေ့က ဆုံးပါးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူထံမှ သိရသည်။
“ဦးပျော့ရယ် သူ့ဇနီးရယ် သမီးလေးရယ်သုံးယောက်ပဲရှိတာ။ ဒေါ်သိန်းငွေက လေဖြတ်နေတာ။ ဦးပျော့ဖမ်းခံရပြီးတော့ အားကိုးရာမဲ့တဲ့စိတ်တွေ စိုးရိမ်စိတ်တွေလည်းပါမှာပေါ့ ဆုံးပါးသွားပါတယ်” ဟု မိသားစုနှင့်နီးစပ်သူမှပြောသည်။
ထို့ပြင် မင်းလှမြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့က ရွေးကုန်းအုပ်စု စမ်းကြီးရွာတွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ကိုအေးနိုင်အား စစ်ကောင်စီတပ်ဖွဲ့မှ နေအိမ်သို့လာရောက်ဖမ်းဆီးရာ ၎င်းအားမတွေ့ရှိသဖြင့် ဇနီးနှင့် သားဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရသည်။
ထို့ပြင် ကိုအေးနိုင်တို့မိသားစုပိုင်ဆိုင်သည့် နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ပြီး ပိုင်ဆိုင်သည့်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်မှ သိမ်းဆည်းယူဆောင်သွားကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)