စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ၃ဦးသေဆုံး ကလေးငယ် ၃ ဦးအပါအဝင် ၇ဦး ဒဏ်ရာရ

By ပါခွီး (မဇ္စျိမ)
19 September 2023
စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ၃ဦးသေဆုံး ကလေးငယ် ၃ ဦးအပါအဝင် ၇ဦး ဒဏ်ရာရ
ပုံအညွှန်း - ထိခိုက်ဒဏ်ရာရရှိထားသော ဒေသခံများ

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က စက်တင်ဘာလ ၁၈ရက်နေ့တွင်ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် ၊ မြောက်ခင်ရန်း(ပျူစောထီးရွာ)တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်သော လက်နက်ကြီးကျည်သည် စက်တင်ဘာလ ၁၆ရက်နေ့တွင် မြင်သားကျေးရွာရှိ ပြည်သူ့နေအိမ်များသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“စစ်ရေးပစ်မှန်မဟုတ်ဘဲ လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုအပေါ် စစ်ရာဇဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များ”ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက်၂၀နှစ် အရွယ်အမျိုးသမီး တဦးနှင့် အသက်၂၃နှစ်အရွယ် အမျိုးသားတဦးတို့ နေရာတွင် သေဆုံးခဲ့ကြောင်း ဆိုသည်။

ယင်းနေ့တွင်ပင် ရင်ဘတ်နှင့် ညာဘက်ပေါင်သို့ လက်နက်ကြီးကျည်အစ ထိမှန်ထားသည့် အသက် ၆၉နှစ်ရှိ အမျိုးသမီးကြီးတဦးသည် ဆေးကုသမှုခံယူရင်း စက်တင်ဘာလ ၁၈ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

၎င်းအပြင် အသက် သုံးနှစ်အရွယ် မိန်းကလေးငယ်၏ ညာခြေသို့လည်းကောင်း ၊ အသက် လေးနှစ်အရွယ် ကလေးငယ်တဦး၏ ညာခြေသို့လည်းကောင်း ၊ အသက် ၁၁နှစ်အရွယ် မိန်းကလေးတဦး၏ ဘယ်ခြေထောက်နှင့် အသက် ၇၃နှစ်အရွယ် အမျိုးသမီး၏ ဘယ်လက်မောင်းရင်းသို့ မစိုးရိမ်ရသော လက်နက်ကြီးကျည် အစထိမှန်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပကဖ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ အသက် ၃၇နှစ်အရွယ် အမျိုးသားတဦး၏ ဝမ်းဗိုက်နှင့်ဘယ်ခြေသို့ လည်းကောင်း ၊ အသက် ၄၂နှစ်အရွယ် အမျိုးသားတဦး၏ ပေါင်အရင်းနှင့် အသက် ၃၃နှစ်အရွယ် အမျိုးသမီးတဦး၏ ညာနောက်ကျော(လက်မောင်းရင်း) သို့ လက်နက်ကြီး စထိမှန်၍ အသက်အန္တရာယ်မစိုးရိမ်ရသော ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ပျူစောထီးကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ၁၂၀မမ လက်နက်ကြီးကျည်ရောက်ရှိနိုင်သည့် ကျေးရွာများကို နေ့စဥ်ရက်ဆက် ပစ်ခတ်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဂန့်ဂေါမြို့ အခြေစိုက် ခလရ (၅၀) မှ အင်အား ၁၂၀ ပါသည့် စစ်ကြောင်းသည် ပုံညာတောင်တန်းအတိုင်း မြောက်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလျက်ရှိနေပြီး ကန်ရွာနယ်မြေစခန်းသို့ ဦးတည်နိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများကို နားစွင့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းကြပါရန် ဂန့်ဂေါ ပကဖ က စက်တင်ဘာ ၁၇ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly