ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဖေဖေါ်ဝါရီတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်နိုင်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဖေဖေါ်ဝါရီတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်နိုင်
Photo - REUTERS

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် ကတိခံဝန်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရနိုင်ကြောင်း အကျဉ်းဦးစီးဌာန အကြီးတန်းအရာရှိတဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။ သက်ဆင်သည် ပြည်ပတွင် သွားရောက်တိမ်းရှောင်နေထိုင်ရာမှ နိုင်ငံသို့ ပြန်လာပြီးနောက် ၎င်းကို ထောင်ဒဏ် ရှစ်နှစ်မှ တနှစ်အထိ ထိုင်းဘုရင်က ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပြုပေးခဲ့သည်။

ထိုင်းနိုင်ငံ၏ အထင်ပေါ်ဆုံး နိုင်ငံရေးသမားဖြစ်သည့် သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှု၌ ဖြုတ်ချခံရပြီး ပြည်ပတွင် ၁၅ နှစ်ကြာ သွားရောက်တိမ်းရှောင်နေထိုင်ပြီးနောက် ပြီးခဲ့သည့်လက နိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ သက်ဆင် ပြည်ပတွင် ရှိနေစဉ် ၎င်းကို အာဏာအလွဲသုံးစားပြုမှု၊ အကျိုးစီးပွား ပဋိပက္ခ နှင့် ရာထူးတာဝန်ထမ်းဆောင်စဉ် အပြစ်လုပ်မှု အပါအဝင် အမှုသုံးခုတွင် မျက်ကွယ်စစ်ဆေးပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

စစ်တပ်လိုလားသော အာဏာရပါတီ အရေးနိမ့်ခဲ့သည့် မေလ ရွေးကောက်ပွဲအပြီး လများကြာ နိုင်ငံရေး မသေချာမရေရာမှုတို့နောက်ပိုင်း မဟာမိတ်တဦးဖြစ်သည့် ဆရတ်သာ သာဗီဆင်း ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာခြင်းနှင့် သက်ဆင် နိုင်ငံသို့ ပြန်ရောက်လာခြင်းက တိုက်ဆိုင်နေသည်။

၂၀၀၁ ခုနှစ်မှစပြီး ယခုနှစ် ရွေးကောက်ပွဲ မတိုင်မီအထိ သက်ဆင်နှင့် မဟာမိတ်ပေါင်းစည်းသည့် ပါတီများက ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင်လည်း သက်ဆင် မိသားစု ထောက်ခံသော ပါတီဖြစ်သည့် ဖျူထိုင်းပါတီက ဒုတိယမဲအများဆုံး ရခဲ့သည်။

ပင်ကို အရည်အသွေး ရှိမှုအပြင် ဆင်းရဲနွမ်းပါးသော ထိုင်းပြည်သူများကို ဆွဲဆောင်နိုင်သည့် သာမန်လူထု အကျိုးမျှော် မူဝါဒများ ရှိခဲ့သည့် တယ်လီကွန်မြူနစ်ကေးရှင်း ဘီလျံနာ သက်ဆင်သည် နိုင်ငံ၏ လူချမ်းသာအထက်တန်းလွှာပုဂ္ဂိုလ်များ၊ ဘုရင်စနစ် လိုလားသော စစ်တပ်တို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ထိုင်းစစ်တပ်သည် ၂၀၁၄ ခုနှစ်ကလည်း သက်ဆင်၏ ညီမ ဦးဆောင်သည့် အစိုးရကို ဖြုတ်ချခဲ့သေးသည်။

အစိုးရသစ်ဖွဲ့ရန် ဖျူထိုင်းကိုယ်စားလှယ်လောင်း ဆရတ်သာ သာဗီဆင်းကို စစ်တပ်လိုလားသော ပါတီများက ထောက်ခံမှု ပေးပြီးနောက် သက်ဆင်သည် ၎င်း၏ ရန်သူဟောင်းများနှင့် အပေးအယူတချို့ ယူခဲ့သည် ဆိုပြီး ထင်ကြေးပေးမှန်းဆမှုများ ရှိခဲ့သည်။ယင်းကို သက်ဆင်နှင့် ဆရတ်သာတို့က ငြင်းဆန်သည်။

ထိုင်းသို့ ပြန်ရောက်သည့် ပထမဆုံးညမှာပင် သက်ဆင်သည် ရင်ဘတ် နာကျင်မှု၊ သွေးပေါင်ချိန်တက်မှုကြောင့် ၎င်းကို ရဲဆေးရုံတခုသို့ ပို့ခဲ့ရသည်။

ယင်းနောက် ရက်ပိုင်းအတွင်း ဘုရင် မဟာ ဝီဇယ လောင်ကွန်းက သက်ဆင်၏ ပြစ်ဒဏ်ကို ထောင်ဒဏ် ရှစ်နှစ်မှ တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။ သို့သော် ၎င်းသည် များမကြာမီ ပြန်လွတ်နိုင်သည်။

“သူ့ရဲ့ ပြစ်ဒဏ်ကို ခြောက်လ ကျခံပြီးတဲ့နောက်မှာ သက်ဆင်ဟာ အသက် ၇၀ ကျော်သူတွေ ဒါမှမဟုတ် နာမကျန်းဖြစ်သူတွေအတွက် ကတိခံဝန်နဲ့ လွှတ်ပေးမှုနဲ့အတူ ပြန်လွတ်နိုင်ပါတယ်” ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဆစ်သီ ဆူတီဗောင်းက ရိုက်တာကို ပြောသည်။

အကျဉ်းဦးစီးဌာနအနေဖြင့် အမှုကိစ္စတခုစီအတွက် အကဲဖြတ်မှု ပြုလုပ်ပြီး ယခုကဲ့သို့ ကိစ္စများတွင် ပြစ်ဒဏ်မစေ့မီ ခံဝန်ဖြင့် လွှတ်ပေးခြင်းအတွက် အသနားခံမှု လုပ်ငန်းစဉ် မရှိဟုလည်း ၎င်းက ပြောသည်။

Former Thai PM Thaksin eligible for parole in February - official
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly