စဥ့်ကူးတွင် အမျိုးသမီး ၂ ဦးအပါအဝင် စားသောက်ဆိုင်ပိုင်ရှင် ၄ ဦး အသတ်ခံရ

By 007 (မဇ္ဈိမ)
19 September 2023
စဥ့်ကူးတွင် အမျိုးသမီး ၂ ဦးအပါအဝင် စားသောက်ဆိုင်ပိုင်ရှင် ၄ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာတွင် အမျိုးသမီးနှစ်ဦးအပါအဝင် စားသောက် ဆိုင်ပိုင်ရှင် လေးဦးအသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာမှ၊ မြနန်းဟေမန် စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်နှင့်ဇနီးဒေါ်သဲနုငယ်၊ ကုဋေစုစားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်း နှင့်ဇနီးဒေါ်လွင်လွင်ဌေးတို့ကို ပျူစောထီးအဖွဲ့ဦးဆောင်သော လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အငြိုးနဲ့ဝင်သတ်သွားတာ။ ပျူစောထီးငနိုင်ရဲ့သား ပစ်ခတ်ခံရတဲ့ကိစ္စမှာ အဲဒီဆိုင်ရှင်တွေက PDF ကို သတင်းပေးလို့ဆိုပြီး လုပ်သွားတာ။ ကိုသိန်းဇော်ကို ဆိုင်ထဲတင်ပစ်သတ်ခဲ့ပြီး သူ့မိန်းမနဲ့ ဦးခင်မောင်ချင်း တို့လင်မယားကို ဖမ်းခေါ်သွားပြီး လမ်းဘေးမှာသတ်ခဲ့တာ။ ညသန်းခေါင်ကျော်အချိန်ကြီး ဝင်လုပ်သွား တာ” ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

အခင်းဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံများ၏ပြောကြားချက်အရ သြဂုတ်လ ၂၅ ရက်နေ့က မြနန်းဟေမန် စားသောက်ဆိုင်တွင် စားသောက်နေသည့် ရေတော်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်ငနိုင်၏သားဖြစ် သူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်အပေါ် ကျေနပ်မှုမရှိ သည့်ငနိုင်နှင့်အဖွဲ့က အဆိုပါဆိုင်နှစ်ဆိုင်သို့ရောက်ရှိလာပြီး မြနန်းဟေမန်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်ကို ဆိုင်အတွင်း ပစ်သတ်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူနှင့် ကုဋေစုစားသောက်ဆိုင်ပိုင်ရှင်လင်မယားကို ဖမ်းဆီးခေါ် ဆောင်သွားပြီး၊ ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင်သတ် ဖြတ်ကာ အလောင်းများအား စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ငနိုင်ရဲ့သား အပစ်ခံရတဲ့ကိစ္စမှာ သူတို့ကသတင်းပေးလို့ဆိုပြီးလုပ်သွားတာ။ တကယ်က အဲဒီမိသားစု တွေက ခပ်အေးအေးတွေရယ်။ ဆိုင်ကိုပါ ပြဿနာထဲဆွဲထည့်ချင်လို့ သက်သက်လုပ်သွားတာလို့ ယူဆ တယ်” ဟု အခြားဒေသခံတဦးကလည်း ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly