အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ

By ရွှေနွယ် (မဇ္ဈိမ)
18 September 2023
အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ

နေပြည်တော်ကောင်စီနယ်မြေအတွင်းက အေလာလေတပ်ကို KNLA သံတောင်မြောက်ပိုင်းအထူးတပ်ရင်းက ဦးစီးပြီး Shar Htoo Waw ပူးပေါင်း Droneတပ်ဖွဲ့ ပါဝင်တဲ့ ကျားသံလုံးစစ်ကြောင်းက စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်၃ နာရီလောက်က မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ကျားသံလုံးစစ်ကြောင်းက ဒီစစ်ဆင်ရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အချိန်ကာလ လဝက်လောက်ကြာအောင် ကြိုတင်ပြင်ဆင်ခဲ့ရတယ်လို့ စစ်ဆင်ရေးတာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

အသုံးပြုထားတဲ့ဗုံးဟာလည်း ပေါက်ကွဲအားပြင်းတဲ့ ယမ်းအမျိုးအစားတွေနဲ့ အသေအချာပြုလုပ်ထားတဲ့ ဖျက်အားပြင်း ဗုံးနှစ်လုံးကို အသုံးပြုခဲ့တာလို့ ကိုနွေဦးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အေလာလေတပ်ဟာ နေပြည်တော်ကောင်စီနယ်မြေ အေလာမြို့နယ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကပ်လျက်မှာ တည်ရှိတာဖြစ်ပါတယ်။

ဒီလေတပ်နဲ့ အနီးပတ်ဝန်းကျင်မှာ လေကြောင်းရန်ကာကွယ်ရေးတပ်၊ အမှတ် (၃၀၂) ခြေမြန်တပ်ရင်းလည်း တည်ရှိပါတယ်။

မဇ္ဈိမက ရှာဖွေထားတဲ့အချက်အလက်တွေအရ ဒီလေတပ်ရဲ့ အဓိကတာဝန်တွေဟာ လေကြောင်းရန်ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်တွေ စီစဉ်ပေးတာ၊ ရှာဖွေကယ်ဆေးရေးနဲ့ ကင်းထောက်ခြင်းတာဝန်တွေကို ဆောင်ရွက်ရတယ်လို့ သိရပါတယ်။

လေကြောင်းရန် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရတဲ့ လေတပ်အနီးမှာ ဗုံးနှစ်လုံးသယ်ဆောင်လာတဲ့ မောင်းသူမဲ့လေယာဉ်ပျံ့ဝဲကာ ဗုံးကြဲချတိုက်ခိုက်မှုဟာ တော်လှန်ရေးသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီတကြိမ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်နိုင်စွမ်းကို စမ်းသပ်လေ့ကျင့်တဲ့အကြိမ်သာဖြစ်ပြီး နောက်ဆက်လက်ပြီးတော့လည်း အခွင့်ကြုံရင်ကြုံသလို တိုက်ခိုက်သွားတော့မှာဖြစ်တယ်လို့ စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ တပ်ဖွဲ့က ပြောပါတယ်။

တည်းဖြတ်= ရွှေနွယ်

#အေလာလေတပ်
#မောင်းသူမဲ့လေယာဉ်
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly